ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းရန် အစီအစဉ် အမေရိကန်နိုင်ငံသား လက်လျှော့

ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းရန် အစီအစဉ် အမေရိကန်နိုင်ငံသား လက်လျှော့

ပစိဖိတ်သမုဒ္ဒရာကို ရေကူးပြီး ဖြတ်သန်းရန် စီစဉ်ခဲ့သည့် ပြင်သစ်ဖွား အမေရိကန်နိုင်ငံသား ဘန် လူကွန့်သည် ၎င်းကိုအကူအညီပေးသည့် ရွက်သင်္ဘော၏အဓိကရွက်တိုင် မုန်တိုင်းကြောင့် ကျိုးသွားခဲ့ပြီးနောက် သမုဒ္ဒရာကို ရေကူးပြီး ဖြတ်သန်းရန်အစီအစဉ်ကို လက်လျှော့ခဲ့သည်။

လူကွန့်သည် မိုင် ၅၀ဝ၀( ၉၂၆၀ ကီလိုမီတာ) ရှိသည့် ခရီးအနက် ရေမိုင် ၁၅၀ဝ ( ၂၇၈၀ ကီလိုမီတာ) ကိုကူးခတ်ဖြတ်သန်းနိုင်ခဲ့ပြီးဖြစ်သည်။

လေလှိုင်းထန်ပြီး မိုးလည်းသန်းထန်စွာရွာသွန်းသောကြောင့် လမ်းကြောင်းပြောင်းခဲ့ရပြီး ရွက်တိုင် ပြုပြင်လို့မရအောင် ထိခိုက်ပျက်စီးခဲ့မှုကြောင့်လည်း အကြံအစည်ကိုလက်လျှော့ခဲ့ရခြင်းဖြစ်ကြောင်း လူကွန့်က သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
    လူကွန့်နှင့် လက်တွဲထားပြီး ၎င်း၏ခရီးစဉ်ကို မှတ်တမ်းတင်နေသည့် ဆန်ဖရန်စစ္စကိုအခြေစိုက် အွန်လိုင်း သိပ္ပံဖြန့်ချိရေးကုမ္ပဏီ စီကာက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အော်စတင်မြို့သားဖြစ်သည့် လူကွန့်သည် ဇွန် ၅ ရက်တွင် ဂျပန်နိုင်ငံ၏ပစိဖိတ်ကမ်းရိုးတန်းမှ ခရီးစဉ်ကိုစတင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် တစ်ရက်လျှင် ပျှမ်းမျှ ရှစ်နာရီရေကူးခဲ့သည်။ ရေမိုင် ၅၀ဝ ကူးခတ်ပြီးနောက် မုန်တိုင်းထန်ခဲ့သောကြောင့် အခက်အခဲရှိခဲ့ပြီးနောက် ဇူလိုင်အကုန်ပိုင်းတွင် ဂျပန်သို့ပြန်လာခဲ့သည်။ ရွက်တိုင်သည် နိုဝင်ဘာ ၁၀ ရက်တွင် ကျိုးသွားခဲ့ခြင်းဖြစ်သည်။
    ထိခိုက်သွားသည့် သင်္ဘောနှင့် လူကွန့်တို့သည် ဟာဝိုင်ယီသို့ ပြန်လာနေပြီဖြစ်သည်။ ၎င်းတို့သည် သမုဒ္ဒရာထဲရှိ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ သတင်းအချက်အလက်များကို ကောက်ယူနေသည်။

သမုဒ္ဒရာတွင်းရှိ ညစ်ညမ်းမှုများကို သိပ္ပံနည်းကျလေ့လာရေးသည် လူကွန့် ရေကူးရခြင်း၏အကြောင်းအရင်းတစ်ခုဖြစ်သည်။