ကလေးများပါဝင်သည့် ရွှေ့ပြောင်းများအား မျက်ရည်ယိုဗုံးသုံး လူစုခွဲခဲ့ခြင်းကို သမ္မတထရမ့် ထောက်ခံပြောဆို

ကလေးများပါဝင်သည့် ရွှေ့ပြောင်းများအား မျက်ရည်ယိုဗုံးသုံး လူစုခွဲခဲ့ခြင်းကို သမ္မတထရမ့် ထောက်ခံပြောဆို

အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနယ်စပ်ရှိ ရွှေ့ပြောင်းလူတန်းရှည်ကြီးအနက် အမေရိကန်ဘက်သို့ ပြေးဝင်လာသည့် ရွှေ့ပြောင်းများအား အမေရိကန်နယ်စပ်လုံခြုံရေးများက မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့ခြင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၆ ရက်တွင် ခုခံပြောဆိုခဲ့သည်။

လုံခြုံရေးတွေဆီကို တကယ့်ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူတွေပြေးဝင်လာတာ၊ ဒါကြောင့် မျက်ရည်ယိုဗုံးသုံးတာ ဟု ထရမ့်က နိုဝင်ဘာ ၂၅ ရက်ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။ 
မျက်ရည်ယိုဗုံးဒဏ်ခံခဲ့ရသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်းပါဝင်သည်။ နိုဝင်ဘာ ၂၆ ရက် အနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ထရမ့်က ကလေးများကို ထိခိုက်ခဲ့ကြောင်းကို ဝန်ခံပြောဆိုခဲ့ပုံရသည်။

မျက်ရည်ယိုဗုံးသုံးနေတဲ့ နေရာကို မိဘတွေက ဘာလို့ ပြေးသွားနေတာလဲ၊ ဘာဖြစ်လို့ ကလေးတွေကို ခေါ်ပြီး အဲဒီနေရာကို ပြေးနေရတာလဲ ဟု ထရမ့်ကပြောဆိုခဲ့သည်။
 မျက်ရည်ယိုဗုံးအနုစားဖြစ်ပြီး ထိခိုက်စရာမရှိကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

ထို့ပြင် အမျိုးသမီးတချို့သည် မိဘများမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခွင့်ရရှိရေးအတွက် ကလေးများကိုခိုးယူကာ ဗန်းပြနေသူများသာဖြစ်ကြောင်း ထရမ့်က အထောက်အထားမရှိဘဲ ပြောဆိုခဲ့သည်။
    ဆန်တီယေဂို- တီဟွာနာနယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ ပြောဆိုမှုများတွင် နှစ်မျိုးကွဲနေသည်။

ထရမ့်က ရွှေ့ပြောင်းများသည် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသူများဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အခြားလူများကမူ ထရမ့်သည် အကြောက်တရားဖန်တီးပြီး နိုင်ငံရေးရည်ရွယ်ချက်ပေါက်မြောက်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ထရမ့်က ရွှေ့ပြောင်းလူတန်းရှည်ကြီးတွင် အန္တရာယ်ရှိသော တစ်ကိုယ်ရေတစ်ကာယ အမျိုးသားများသာပါဝင်ကြောင်းပြောဆိုခဲ့သည်။

တီဟွာနာရှိ အားကစားရုံတွင် ရွှေ့ပြောင်း ၄၉၃၈ ဦးနေထိုင်နေကြောင်း၊ ယင်းတို့အနက် ၉၃၃ ဦးသည် အမျိုးသမီးများ၊ ၈၈၉ ဦးသည် ကလေးများနှင့် ၃၁၀၅ ဦးသည် အမျိုးသားများဖြစ်ကြောင်း တီဟွာနာရှိ လူမှုဖူလုံရေးဌာနအကြီးအကဲ မာရီယို ဖီဂူရောင်ကပြောဆိုခဲ့သည်။
    အမေရိကန်ဒီမိုကရက်တစ်လွှတ်တော်အမတ်များနှင့် ရွှေ့ပြောင်းဆိုင်ရာအဖွဲ့များက နိုဝင်ဘာ ၂၅ ရက် နှိမ်နင်းမှုကိုဝေဖန်ပြောဆိုခဲ့သည်။

ဒီကလေးတွေက ခြေဗလာနဲ့၊ သေးခံလေးတွေတောင် ဝတ်ထားသေးတယ်၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ငြိမ်းချမ်းရေးနဲ့ ခိုလှုံခွင့်ရဖို့ စွန့်စားထွက်ခွာလာခဲ့ရတာ၊ ဒါပေမဲ့ သူတို့တွေဟာ အကြောက်တရား၊ အကြမ်းဖက်မှုတွေနဲ့ပဲရင်ဆိုင်ခဲ့ရတယ်၊ ဒီလိုတွေ လုပ်နေတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ထုံးလုပ်နည်းမဟုတ်ဘူး ဟု ကယ်လီဖိုးနီယားပြည်နယ်၏အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံထားရသည့် ဂါဗင် နျူဆမ်ကပြောဆိုခဲ့သည်။