ရေဦးမြို့နယ်တွင် ဆိုင်ကယ်ဖြင့်ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၂၆ ရက်၌ ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့မွန်းလွဲ ၁ နာရီခန့်က ရွှေဘိုခရိုင် ရေဦးမြို့နယ် ဘိုရုံကျေးရွာ၊ ရေဦး-ကာဘိုးမူးဘောင် ဆည်မြောင်းမောင်းတံဂိတ်အနီး သက်ဆိုင်ရာက သတင်းအရ ကာဘိုးကျေးရွာဘက်မှ မောင်းနှင်လာသည့် ၁၁ယ/၄၁၂၈၈ နံပါတ်ပါ KANBO 125 အစိမ်းရောင် ဆိုင်ကယ် ကိုရပ်တန့်စစ်ဆေးခဲ့သည်။
အဆိုပါဆိုင်ကယ်ပေါ်တွင် ရေးဦးမြို့နေ ဘိုဘိုအောင် (၂၂ နှစ် )နှင့် အောင်ကျော်သူ (၂၉ နှစ်) တို့ လိုက်ပါလာသည်။
ဆိုင်ကယ်တူးဘောက်အတွင်းရှိ အချိုရည်ကော်ဗူး နှစ်ဗူးအတွင်းမှ ဘိန်းဖြူမှုန့်ဟုယူဆရသော ဖြူ/ဝါရောင်ရောရာအမှုန့် အလေးချိန် ၂၂ ဂရမ်၊ ကျပ် ၂၂ သိန်းဖိုးခန့် နှင့် ဘိုဘိုအောင်ထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ ကိုသိမ်းဆည်းရမိခဲ့သည်။
ရေးဦးမြို့မရဲစခန်းက မယ(ပ)၁၂/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















