ချောင်ဘူရီသို့ အငှားစာချုပ်ဖြင့် စည်သူအောင် ပြောင်းရွှေ့ သိန်းသန်းဝင်းနှင့် ရစ်ချက်ဘူရီအသင်း ညှိနှိုင်းလျက်ရှိ

ချောင်ဘူရီသို့ အငှားစာချုပ်ဖြင့် စည်သူအောင် ပြောင်းရွှေ့ သိန်းသန်းဝင်းနှင့် ရစ်ချက်ဘူရီအသင်း ညှိနှိုင်းလျက်ရှိ

ထိုင်းပရီးမီးယားလိဂ် ကလပ် ချောင်ဘူရီအသင်းသည် မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံအသင်းတောင်ပံကစားသမား စည်သူအောင်ကို တစ်နှစ်အငှားစာချုပ်ဖြင် ခေါ်ယူခဲ့ပြီဖြစ်ကြောင်း သိရသည်။

ချောင်ဘူရီအသင်းသည် စည်သူအောင်ကိုခေါ်ယူရန် ယခင်ကတည်းက ဆက်သွယ်ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး ယခုမှသာ ထပ်မံ၍ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ချောင်ဘူရီအသင်းနှင့် နှစ်ဖက်သဘောတူညီမှုရခဲ့ပြီးနောက် စည်သူအောင်က " တကယ့်ကို စိတ်လူပ်ရှားစရာကောင်းတဲ့ အခြေအနေပါ။ ချောင်ဘူရီဆိုတာ ထိုင်းလိဂ်မှာ အသင်းကြီးတစ်သင်းပါ။ ရရှိလာတဲ့ အခွင့်အရေးအတွက် ကျွန်တော် ကြိုးစားသွားမှာပါ " ဟု စည်သူအောင်က ပြောဆိုခဲ့သည်။

စည်သူအောင်သည် ရက်ပိုင်းအတွင်း ချောင်ဘူရီအသင်း၌ ဆေးစစ်မှုများပြုလုပ်မည်ဖြစ်ပြီး ထိုင်းကလပ်မှ ၎င်းအား လစာနှုန်းထား အမေရိကန်ဒေါ်လာ ၆၀ဝ၀ ပေးမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် စည်သူအောင် အသုံးပြုရန် ကားတစ်စီး ၊ နေစရာ အိမ်နှင့် လေယာဉ်လက်မှတ်တို့ကိုလည်း စီစဉ်ပေးမည် ဖြစ်သည်။

စည်သူအောင်သည် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်မှ ရတနာပုံအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၈ အမ်ပီတီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၌ ရတနာပုံ အသင်းအတွက် ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

ထပ်မံသိရသော သတင်းများအရ ရတနာပုံအသင်းကစားသမားတစ်ဦးဖြစ်သည့် နောက်ခံလူ သိန်းသန်းဝင်းကိုလည်း ထိုင်းပရီးမီးယားလိဂ်ကလပ် ရစ်ချက်ဘူရီအသင်းမှ ကမ်းလှမ်းထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် သိန်းသန်းဝင်းမှာ ထိုင်းကလပ်နှင့် အသေးစိတ်ညှိနှိုင်းလျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး