ဘင်္ဂါလီများကိုပြန်လည်လက်ခံရာတွင် အချုပ်အခြာပိုင်နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာနှင့်အညီ အစိုးရက ဆောင်ရွက်နေသည်ဟု ရခိုင်အမျိုးသား ပါတီ(ANP)က ယုံကြည်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးထွန်း အောင်ကျော်က မြန်မာတိုင်းမ်နေ့စဉ်သို့ နိုဝင်ဘာ ၂၆ရက်တွင် ပြောဆို သည်။
ယုံကြည်ထား
"မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တယ်။ အမျိုးသား လုံခြုံရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အတိအကျ ပြဋ္ဌာန်း ထားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အားလျော်စွာ လက်ခံတဲ့နေရာမှာ နိုင်ငံ တစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့အညီ ဆောင်ရွက်စေချင်တယ်။ အစိုးရကလည်း အဲဒီလိုဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့က အလေးအနက်ယုံကြည် ထားပါတယ်"ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။
လက်ရှိ၌ စစ်တွေမြို့ပေါ်၌ ဘင်္ဂါလီများအား မောင်တော မြို့နယ်တောင်ပိုင်းတွင် နေရာမချထားရေး၊ မောင်တောတွင် ဘင်္ဂါလီ ကျောင်းဆရာများ ခန့်အပ်စာသင်ခိုင်းခြင်းနှင့် ရခိုင်ပြည်နယ်ပြင်ပမှ ဖမ်းဆီးရမိသည့်ဘင်္ဂါလီများ ရခိုင်ပြန်ပို့သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
"အစိုးရက နှစ်နိုင်ငံညှိနှိုင်းပြီးလုပ်ဆောင်နေတာကတော့ ကျွန်တော် တို့ စောင့်ကြည့်နေပါတယ်။ အစိုးရက စိစစ်ပြီးမှလက်ခံမယ်။ နောက် တစ်ခုက ကြားစခန်းတွေမှာ စိစစ်ပြီးမှ နေရာချထားမယ်ဆိုတာ ကျွန်တော်တို့ ကြားရတယ်။ ဒါပေမဲ့ ဟိုဘက်က ဝင်တာမရှိ သေးဘူး။ မောင်တောက လူတွေပြောတာကတော့ မောင်တောတစ်မြို့လုံးမှာရှိတဲ့ ဘင်္ဂါလီတွေပြေးသွားပြီလို့ ပြောတယ်"ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။















