အဖိနှိပ်ခံများ၏ဘဝကို မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံဆရာကို တရုတ်အာဏာပိုင်များ ထိန်းသိမ်း

အဖိနှိပ်ခံများ၏ဘဝကို မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံဆရာကို တရုတ်အာဏာပိုင်များ ထိန်းသိမ်း

တရုတ်နိုင်ငံရှိ လူ့အဖွဲ့အစည်းတွင် အရေးမပါအရာမရောက်သူများဖြစ်သည့် ကျောက်မီးသွေးတွင်းလုပ်သားများ၊ မူးယစ်ဆေးစွဲနေသူများနှင့် အိပ်ချ်အိုင်ဗွီကူးစက်ခံထားရသူများ၏နေ့စဉ်ဘဝများကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်ပြီး ဖော်ထုတ်နေသည့် နာမည်ကျော် ဓာတ်ပုံဆရာ လူကောင်းကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏မိသားစုက နိုဝင်ဘာ ၂၇ ရက်တွင် ပြောဆိုသည်။

လူကောင်းကို လွန်ခဲ့သော ရက်သတ္တပတ်သုံးပတ်ခန့်တွင် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းအရင်းခိုင်ခိုင်မာမာမပြဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လူ၏ဇနီး ရှူ ရှောက်လီက အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။

လူသည် ရှင်ကျန်းသို့ရောက်ရှိခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် ၎င်းနှင့် အဆက်ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရှူကပြောဆိုခဲ့သည်။

လူသည် ရှင်ကျန်းဒေသမြို့တော် အူရမ်ချီရှိ ဓာတ်ပုံဆရာများနှင့် ဆက်သွယ်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်တွင် စီချွမ်ပြည်နယ်၌ မိတ်ဆွေတစ်ဦးနှင့်တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
    လူနှင့် ဓာတ်ပုံဆရာတစ်ဦးတို့ကို ရှင်ကျန်းဒေသ လုံခြုံရေးတပ်ဖွဲ့က ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ကျဲချန်းခရိုင်ရှိ အာဏာပိုင်များကပြောဆိုခဲ့သည်။

ငွေကြေးရရှိရေးအတွက် သွေးရောင်းစားခဲ့ပြီးနောက် အိပ်ချ်အိုင်ဗွီကူးစက်ခံခဲ့ရသည့် ဆင်းရဲသား ကျေးရွာသားများ၏ဘဝကို ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့သတင်းဓာတ်ပုံဆုကိုရရှိခဲ့သည်။
    လူကောင်းသည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကိုလည်း ဓာတ်ပုံမှတ်တမ်းတင်ခဲ့သူဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကို မှတ်တမ်းတင်ခြင်းသည် တရုတ်ရှိ လူ့အဖွဲ့အစည်း၏သရုပ်သကန်ကိုဖော်ထုတ်ရာရောက်နေသောကြောင့် အစဉ်အလာမီဒီယာများသည် အစိုးရနှင့် ထိပ်တိုက်ဆုံရမည်ကိုစိုးရိမ်၍ ယင်းအကြောင်းအရာများကို ပုံနှိပ်ဖော်ပြလေ့မရှိချေ။
    လူသည် ယခင်ကလည်း ရဲတပ်ဖွဲ့ဝင်များနှင့် ပြဿနာမရှိခဲ့ကြောင်း ဇနီးဖြစ်သူ ရှူက ပြောဆိုခဲ့သည်။ သူက လူမှုရေးတာဝန်ကျေချင်တဲ့သူပဲ၊ ဆင်းရဲမွဲတေသူတွေကိုယ်စား၊ ထုတ်ဖော်ပြောဆိုခွင့်မရှိသူတွေကိုယ်စား လူ့အဖွဲ့အစည်းကို ဓာတ်ပုံကတစ်ဆင့် စကားတွေပြောချင်ခဲ့တဲ့သူပဲ ဟု ၎င်းကပြောဆိုခဲ့သည်။