ယူကရိန်းရုရှား ရေပြင်ပဋိပက္ခကြောင့် ဂျီ ၂၀ ထိပ်သီးစည်းဝေးပွဲ၌ သမ္မတပူတင်နှင့်ဆွေးနွေးရေး ဖျက်သိမ်းဖွယ်ရှိဟု သမ္မတထရမ့်ဆို

ယူကရိန်းရုရှား ရေပြင်ပဋိပက္ခကြောင့် ဂျီ ၂၀ ထိပ်သီးစည်းဝေးပွဲ၌ သမ္မတပူတင်နှင့်ဆွေးနွေးရေး ဖျက်သိမ်းဖွယ်ရှိဟု သမ္မတထရမ့်ဆို

ခရိုင်းမီးယားအနီး ခက်ချ်ရေလက်ကြားတွင် ယူကရိန်းတိုက်ရေယာဉ်များကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပဋိပက္ခကြောင့် ယခုအပတ်နှောင်းပိုင်း အာဂျင်တီးနား၌ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးစည်းဝေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိခြင်းကို ဖျက်သိမ်းရဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်ဖြစ်စဉ်အစီရင်ခံစာအပြည့်အစုံကို စောင့်ဆိုင်းနေကြောင်း၊ ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံများ အနေဖြင့် ယူကရိန်းကို ပိုမိုထောက်ခံရန်လိုကြောင်းလည်း ထရမ့်ကဆိုသည်။

ယူကရိန်းပိုင် ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်က ကျုးကျော်သိမ်းပိုက်ခဲ့သည့် ရုရှားသည် ယင်းဒေသကမ်းခြေ ခက်ချ်ရေလက်ကြားအတွင်း ခွင့်ပြုချက်မဲ့ဝင်ရောက်ကြောင်း စွပ်စွဲလျက် ယူကရိန်းတိုက်ရေယာဉ်နှစ်စီးနှင့် ဆွဲရေယာဉ် တစ်စီးကို ပစ်ခတ်စီးနင်းခဲ့သည်။ 
    ယင်းနောက် ဒဏ်ရာရရှိသူများအပါအဝင် ယူကရိန်းသင်္ဘောသား ၂၄ ဦးကို ဖမ်းဆီးထားပြီး ယင်းအနက် ၁၂ ဦးအား နှစ်လတိုင်ချုပ်နှောင်ထားရန် အမိန့်ချမှတ်ခဲ့သည်။

ခက်ချ်ရေလက်ကြားဖြတ်တံတားအောက်တွင် သင်္ဘောတစ်စင်း ကန့်လန့်ဖြတ် ရပ်နားထားခြင်းဖြင့် ရေလမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။
    ယူကရိန်းတွင် ရုရှားဆန့်ကျင်ရေးဆန္ဒပြမှုများ ပေါ်ပေါက်လာပြီးနောက် သမ္မတ ပီထရို ပိုရိုရှန်ကို၏ တောင်းဆိုချက်အရ ယူကရိန်းလွှတ်တော်က ရုရှားဘက်ခြမ်းမှ ဒေသ ၁၀ ခု၌ တစ်လကြာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

ယူကရိန်းရေတပ်သားများသည် ရုရှားကမ်းခြေစောင့်တပ်၏ သတိပေးမှုကိုလျစ်လျူရှုခဲ့ကြ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရုရှားတို့ဘက်က တုံ့ပြန်ခဲ့သည်။
    ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ရုရှားတင့်ကားများ နယ်စပ်တစ်လျှောက်ဖြန့်ချမှု သုံးကြိမ်တိုင် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရုရှားသည် ယူကရိန်းအပေါ် အပြည့်အဝစစ်ဆင်နွှဲရန် ခြိမ်းခြောက်နေကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ပြောဆိုခဲ့သည်။ 
    ရုရှား၏အပြုအမူသည် အန္တရာယ်ဖြစ်မှုမြင့်မားစေပြီး နိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောဆိုခဲ့သည်။

ပြင်သစ်၊ နယ်သာလန်၊ ပိုလန်၊ ဆွီဒင်နှင့် ဗြိတိန်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အီးယူအဖွဲ့ဝင်နိုင်ငံများ ရုရှားအနေဖြင့် ခက်ချ်ရေလက်ကြားတွင် လွတ်လပ်စွာသွားလာခွင့်ပြုရန် တောင်းဆိုခဲ့သည်။