တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံအပြင်ဘက်၌ နိုဝင်ဘာ ၂၈ ရက် အစောပိုင်းတွင်ပေါက်ကွဲမှုတစ်ခုကြောင့် ၂၂ ဦးသေဆုံးပြီး ယာဉ်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့သည်။
ဟာဘေးခရိုင် ကျန်းချားကိုးမြို့ရှိ ဟာဘေးရှန်းဟောင်ဓာတုလုပ်ငန်းကုမ္ပဏီလီမိတက်ပိုင်ဆိုင်သော စက်ရုံတစ်ရုံနား၌ နိုဝင်ဘာ ၂၈ ရက် အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျန်းချားကိုးမြို့သည် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့်မြို့ဖြစ်သည်။
နောက်ထပ် ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ကုန်တင်ယာဉ် ၃၈ စီးနှင့် ခရီးသည်တင်ယာဉ် ၁၂ စီးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကျန်းချားကိုးမြို့အစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ်သတင်းအချက်အလက် မထုတ်ပြန်နိုင်သေးကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့၏ပြောခွင့်ရှိသူ ကောက်ကပြောဆိုခဲ့သည်။
ဟာဘေးရှန်းဟောင်ကုမ္ပဏီသည် ကလိုရင်း-အယ်ကာလီထုတ်လုပ်ရေးကို လုပ်ကိုင်နေပြီး နိုင်ငံတွင်းရှိ ထိပ်တန်း ဓာတုကုမ္ပဏီ ၅၀ဝ တွင်ပါဝင်ကြောင်း ကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
ကလိုရင်းသည် ပုံမှန်ထုတ်လုပ်နေသည့် ဓာတုထုတ်ကုန်တစ်ခုဖြစ်ပြီး အထည်အလိပ်များနှင့် စက္ကူလုပ်ငန်းတို့တွင် အသုံးများသည်။
ထို့ပြင် သန့်ရှင်းရေးနှင့်ပိုးသတ်ရေးတို့တွင်လည်း ၎င်းကိုအသုံးပြုသည်။ အဆိုပါကုမ္ပဏီသည် နိုင်ငံပိုင် တရုတ်အမျိုးသားဓာတုကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်သည်။
တရုတ်နိုင်ငံ၌ စက်ရုံများတွင်း ဘေးကင်းရေးသည် အဓိကစိုးရိမ်စရာတစ်ခုဖြစ်ပြီး ဓာတုပစ္စည်းများကို တင်ပို့ခြင်းနှင့် သိုလှောင်ခြင်းတို့တွင် လိုအပ်ချက်များရှိနေကာ စနစ်တကျသိုလှောင်ရန် စည်းကြပ်မှုလည်း အားနည်းနေသည်။
၂၀၁၅ ခုနှစ်တွင် တီယန်ကျင်း၌ ဓာတုပစ္စည်းများပေါက်ကွဲမှုကြောင့် လူ ၁၇၃ ဦးခန့်သေဆုံးခဲ့သည်။

















