ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်စီမံထားသည့်ကလေးများ ဖန်တီးမွေးဖွားခဲ့ကြောင်း ကြေညာခဲ့၍ အခြားသိပ္ပံပညာရှင်များ ဒေါသထွက်ခဲ့ကြပြီး ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခံခဲ့ရသည့် တရုတ်သိပ္ပံပညာရှင် ဟာဂျန်းခွေက ၄င်း၏လုပ်ငန်းကို နိုဝင်ဘာ ၂၈ ရက်၌ ကာကွယ်ပြောဆိုခဲ့သည်။
ရှန်ဇန်းတက္ကသိုလ်မှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည့် ဟာဂျန်းခွေသည် ဟောင်ကောင်တွင်ကျင်းပသည့် မျိုးဗီဇဆိုင်ရာညီလာခံတစ်ခု၌ ၄င်း၏လုပ်ငန်းအတွက် ဂုဏ်ယူကြောင်း၊ ကိုယ်ဝန်ရရှိနိုင်ရေး နောက်ထပ်နည်းလမ်းတစ်ရပ် ဖြစ်သည့် မျိုးဗီဇာပြုပြင်စီမံမှုဖြင့် သန္ဓေသားလောင်းဖန်တီးမှုနည်းပညာသစ် ကနဦးခြေလှမ်း လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခုအပတ်အစောပိုင်းတွင် ပါမောက္ခဟာက အိပ်ချ်အိုင်ဗွီကူးစက်နိုင်စွမ်း မရှိအောင် မျိုးဗီဇပြုပြင် ပြောင်းလဲထားသည့် အမွှာကလေးသန္ဓေသားတစ်စုံ မွေးဖွားခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့သည်။
ယင်းအတွက် ကမ္ဘာ့သိပ္ပံပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြပြီး သိပ္ပံပညာနှင့်လောကကျင့်ဝတ်များအကြား ရှုပ်ထွေးကုန်နိုင်ကြောင်း၊ စက်ဆုပ်ဖွယ် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။
အဓိကအားဖြင့် မရည်ရွယ်သည့် ဘေးထွက်ဆိုးကျိုး မသက်ရောက်စေရန် မျိုးဗီဇပြောင်းလဲပြုပြင်၍ သန္ဓေသားလောင်း မွေးဖွားခြင်းကို နိုင်ငံအများစုတွင် ဥပဒေဖြင့် ပိတ်ပင်ထားသည်။
သိပ္ပံပညာရပ်ဆိုင်ရာအသိုင်းအဝိုင်းတွင် ကိုယ်ပိုင်အသိဖြင့်ကျင့်ဝတ်စောင့်ထိန်းမှု အရေးနိမ့်ခဲ့ပြီဖြစ်ကြောင်း နိုဘယ်ဆုရစာပေပညာရှင် ဒေးဗစ် ဘာလ်တီမိုးကပြောဆိုခဲ့သည်။

















