ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် ပျက်ကွက်ခဲ့မှုဖြင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏အမှုဆောင်အရာရှိတစ်ဦးအား နိုင်ငံတကာလွှတ်တော်အမတ်များက ဗြိတိန်နိုင်ငံ လန်ဒန်၌ နိုဝင်ဘာ ၂၇ ရက်တွင် ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့သည်။
နိုင်ငံတကာလွှတ်တော်အမတ်များကော်မတီသည် ဖေ့စ်ဘွတ်ခ်၏ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် ကိုင်တွယ်မှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီး ဖေ့စ်ဘွတ်ခ်အကြီးအကဲ မာ့ခ်ဇူကာဘတ်မရောက်နိုင်သော်လည်း ၎င်းအတွက် နေရာတစ်ခုပေးကာ ယင်းနေရာတွင် မာ့ခ် ဇူကာဘတ်ဆိုသည့် တံဆိပ်ပြားကိုထားရှိခြင်းဖြင့် ကုမ္ပဏီ၏တာဝန်ပျက်ကွက်ပုံကို ပိုမိုထင်ရှားအောင် လုပ်ဆောင်ခဲ့သည်။
ဇူကာဘတ်သည် ဝါရှင်တန်နှင့် ဘရပ်ဆဲစ်တို့၌ ကြားနာစစ်ဆေးမှုများကိုခံယူခဲ့ပြီးဖြစ်သောကြောင့် ၎င်းကိုယ်စားတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏မူဝါဒပြဿနာဖြေရှင်းရေးဒုတိယဥက္ကဋ္ဌ ရစ်ချတ် အလန်ကပြောဆိုခဲ့သည်။
ကနေဒါ၊ အိုင်ယာလန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ စင်ကာပူ၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ လတ်ဗီးယားနှင့် ဗြိတိန်တို့ရှိ အမတ်များသည် ဗြိတိန်လွှတ်တော်ရှိ ရာထူးရွေးချယ်ခန့်ထားရေးကော်မတီ၏ကြားနာစစ်ဆေးမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမှ လွှတ်တော်အမတ်များယခုကဲ့သို့ ပူးပေါင်းကြားနာစစ်ဆေးမှုသည် ၁၉၃၃ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်ဖြစ်သည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိရေးအတွက် အတိ်ုင်ပင်ခံကုမ္ပဏီ ကိမ်းဘရစ်အနယ်လိုက်တီကာသည် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၈၇ သန်းတို့၏ကိုယ်ရေးအချက်အလက်များကို မလျော်ကန်သော နည်းလမ်းဖြင့် အသုံးပြုခဲ့ပုံအပါအဝင် ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို မလျော်ကန်စွာသုံးစွဲခဲ့မှုနှင့်ပတ်သက်၍ လွှတ်တော်အမတ်များက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ထမ်းရွေးချယ်ရေးကော်မတီသည် အဓိကပြဿနာများကို စုံစမ်းစစ်ဆေးခွင့်ရှိပြီး ကုမ္ပဏီများရှိ စီအီးအိုများနှင့် အစိုးရဝန်ထမ်းများအား ကြားနာစစ်ဆေးခွင့်ရရှိထားသည်။
ကော်မတီသည် ဥပဒေပြုခွင့်မရှိသော်လည်း ၎င်းတို့၏အကြံပြုချက်ကို အစိုးရက အလေးထားရသည်။
ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များပေါက်ကြားခဲ့ရသည့်အတွက် အလန်က တောင်းပန်ခဲ့သည်။

















