တရုတ်သမ္မတရှီကျင့်ဖျင် လေးနိုင်ငံခရီးစဉ်၏ပထမဆုံးအဖြစ် စပိန်သို့ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင် လေးနိုင်ငံခရီးစဉ်၏ပထမဆုံးအဖြစ် စပိန်သို့ရောက်ရှိ

တရုတ်သမ္မတရှီကျင့်ဖျင်သည် လေးနိုင်ငံခရီးစဉ်၏ပထမဆုံး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် စပိန်နိုင်ငံသို့ရောက်ရှိခဲ့သည်။

စပိန်နှင့် တရုတ်အစိုးရတို့သည် နိုဝင်ဘာ ၂၈ ရက်တွင် အစိုးရချင်းနှင့် စီးပွားရေးလုပ်ငန်းချင်းဆိုင်ရာ သဘောတူစာချုပ် ၂၀ ခန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

ရှင်ကျန်းဒေသ၌ တရုတ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အရေးယူပေးရန် အနောက်နိုင်ငံသံတမန် ၁၅ ဦးတို့က လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည့် စာကို အနောက်နိုင်ငံအချို့မှ သံအမတ်ကြီးများက ထောက်ခံခဲ့သော်လည်း စပိန်နှင့် ပေါ်တူဂီတို့၏သံအမတ်ကြီးများက ထောက်ခံခြင်းမပြုခဲ့ချေ။
    တရုတ်နှင့် ဥရောပသမဂ္ဂတို့ကြား ဆက်ဆံရေးပိုမိုခိုင်မာလာရေးအတွက် စပိန်သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်လာမည်ဟု မျှော်လင့်ပါကြောင်း တရုတ်သမ္မတကပြောဆိုခဲ့သည်ဟု စပိန်ရှိ အေဘီစီနေ့စဉ်ထုတ်သတင်းစာကဖော်ပြခဲ့သည်။ 
    စပိန်သို့ ရှီနှင့်အတူ သမ္မတကတော် ပင်လီယွန်၊ တရုတ်စွန့်ဦးလုပ်ငန်းရှင်များနှင့် ကွန်မြူနစ်ပါတီအရာရှိများ လိုက်ပါလာခဲ့သည်။ 
ရှီနှင့် စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်တို့သည် နှစ်နိုင်ငံကြား မဟာဗျူဟာဆက်ဆံရေးကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း စပိန်အစိုးရအရာရှိတစ်ဦးကပြောဆိုခဲ့သည်။ မက်ဒရစ်မြို့တော်ဝန်သည် ရှီအား မြို့တံခါးသော့ကိုပေးအပ်မည်ဖြစ်ပြီး တရုတ်သမ္မတသည် စပိန်လွှတ်တော်၌ မိန့်ခွန်းပြောဆိုမည်ဖြစ်သည်။
    တရုတ်သမ္မတဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်တွင် အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရီးစ်သို့ သွားရောက်မည်ဖြစ်ပြီး ရှီသည် ပနားမားနှင့် ပေါ်တူဂီတို့သို့ သွားရောက်ပြီးနောက် ဒီဇင်ဘာ ၅ ရက်တွင် ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။