လေယာဉ်ပေါ်ပါသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့သည့် အင်ဒိုနီးရှားမှ လိုင်းယန်းလေကြောင်းပိုင်လေယာဉ်ပျက်ကျမှုမှ ဘိုးအင်း ၇၃၇ မက်စ် လေယာဉ်သည် ပျံသန်းနိုင်သည့်အခြေအနေမရှိခဲ့ဘဲ ပျံတက်ခွင့်ပိတ်ပင်ခဲ့သင့်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောဆိုလိုက်သည်။
အောက်တိုဘာ ၂၉ ရက် ဂျကာတာမှထွက်ခွာခဲ့ပြီး ဂျာဗားပင်လယ်ထဲပျက်ကျခဲ့သည့် ယင်းလေယာဉ်သည် ယင်းသို့ ပျံသန်းခြင်းမပြုမီ နောက်ဆုံးခရီးစဉ်၌ နည်းပညာချွတ်ယွင်းမှုများ ရှိခဲ့သည်ဟု တွေ့ရှိရကြောင်း ပဏာမစူးစမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယင်းအချက်သည် လေယာဉ်ပျက်ကျရသည့်အဓိကအကြောင်းရင်းမဟုတ်ဟုလည်း ဆိုသည်။
လေယာဉ်မှူးများသည် ယင်းလေယာဉ်တွင် အသစ်ပါဝင်လာသည့် လေယာဉ်လူးမသွားစေရန် အလိုအလျောက် ကာကွယ်ပေးသည့်စနစ်ချွတ်ယွင်းမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
လေယာဉ်သည် တစ်နာရီကြာမြင့်မည့်ခရီးစဉ်အတွက် ပျံတက်ခဲ့၍မကြာမီ လေယာဉ်မှူးက လေယာဉ်ပြန်လှည့်ကာ အရေးပေါ်ဆင်းသက်ခွင့်တောင်းခံခဲ့ပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်သည်။
လေယာဉ်တွင်ပါရှိသည့် Black Box ခေါ် ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတစ်ခုကို ရှာဖွေတွေ့ရှိထားသော်လည်း လေယာဉ်မှူးများ၏အပြုအမူကို အာဏာပိုင်များက ဖော်ပြခြင်းမပြုသေးပေ။
လေယာဉ်ပျက်ကျသေဆုံးသူများ၏ မိသားစုများက လေယာဉ်၏ဒီဇိုင်းနှင့် အလိုအလျောက်လုံခြုံမှုစနစ်များကို သံသယဝင်ခဲ့ကြပြီး လေယာဉ်ပျက်ကျမှုအတွက် မည်သူ့တွင် အဓိကတာဝန်ရှိသနည်း သိရှိလိုကြောင်း တောင်းဆိုနေကြသည်။
လိုင်းယန်းလေကြောင်းလိုင်းသည် လွန်ခဲ့သည့်နှစ်များအတွင်း အရှေ့တောင်အာရှတွင် ကျော်ကြားလာသည့် အဓိက ဈေးချိုလေကြောင်းလိုင်းတစ်လိုင်းဖြစ်သည်။
အတိတ်က အင်ဒိုနီးရှား၏ အမျိုးသားလေကြောင်းလိုင်း ဂရူးဒါးသည် လုံခြုံရေးစံမမီ၍ ဥရောပနှင့် အမေရိကန်လေယာဉ်ကွင်းများက အမည်ပျက်စာရင်းသွင်းခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာပြီး အင်ဒိုနီးရှားလေကြောင်းလိုင်းများ၏ လုံခြုံမှုအညွှန်းကိန်းတိုးတက်လာချိန်တွင် လိုင်းယန်းလေကြောင်းလေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

















