ခက်ချ်ရေလက်ကြားတွင် ရေတပ်ချင်း ပဋိပက္ခဖြစ်ခဲ့မှုကြောင့် ယူကရိန်းထံမှ ၎င်းသိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်တွင် ခေတ်မီအက်စ် ၄၀ဝ လေယာဉ်ပစ်ဒုံးကျည်များ ထပ်မံဖြန့်ချဦးမည် ဖြစ်ကြောင်း ရုရှားက ထုတ်ပြန်ခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဗာဒင်အက်စ်တာ့ဖ် ယက်ဗ်၏ ပြောဆိုချက်အရ ခရိုင်းမီးယားတွင် အက်စ် ၄၀ဝ ဒုံးကျည် စနစ်သုံးခုရှိပြီးဖြစ်ကာ နောက်ထပ်ဒုံးကျည်စနစ်တစ်စုံ ထပ်မံဖြန့်ချ ဦးမည်ဟု အင်တာဖတ်စ်သတင်းအေဂျင်စီက ပြောဆိုခဲ့သည်။
ခက်ချ်ရေလက်ကြားအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ရုရှားရေတပ်ကစွပ်စွဲလျက် ယူကရိန်းတိုက်ရေယာဉ်နှစ်စီး၊ ဆွဲရေယာဉ် တစ်စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ရေယာဉ်များနှင့်စစ်သည်များကို ထိန်းသိမ်းခဲ့သည်။ ၎င်းရေယာဉ်များ တိုက်ခိုက်ခံခဲ့ရသည့်နေရာအတိ အကျကို ယူကရိန်းက နိုဝင်ဘာ ၂၈ ရက်၌ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်အတွင်းမှာရှိနေကြောင်း ပြောဆိုခဲ့သည်။
တရားရုံးဆုံးဖြတ်
ရုရှားသည် ၂၀၁၄ ခုနှစ်၌ ယူကရိန်းထံမှ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထားသည့် ယူကရိန်းရေတပ် သား ၂၄ ဦးအနက် ၁၂ ဦးကိုအချုပ်ချထားရန် ခရိုင်းမီးယားရှိတရား ရုံးကဆုံးဖြတ်ခဲ့ပြီး ကျန်သူများသည်လည်း တရားရင်ဆိုင်ရဦးမည်ဟု သိရသည်။
















