သက်တော် ၇၁ နှစ်၊ ဝါတော် ၅၁ ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဦးသုဇန၏ ရုပ်ကလာပ်တော်ကို နိုဝင်ဘာ၂၇ ရက် ညတွင် သင်္ဂြိုလ်ခဲ့သည်။ ကရင်ပြည်နယ်အတွင်း ဂုဏ်သတင်း ကျော်ဇောပြီး သြဇာကြီးမားသူဖြစ်၍ ဆရာတော်၏ ဈာပနအခမ်းအနားကို ပြည်နယ်တွင်းသာမက အနယ်နယ်အရပ်ရပ်မှ လူအများ လာရောက်ဖူးမျှော်ကြသည်။
အောက်တိုဘာ ၁၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဦးသုဇန၏ ရုပ်ကလာပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူနယ်မြေသို့ ပြန်လည် ပင့်ဆောင်ကာ ၄၅ ရက် အပူဇော်ခံ ထားရှိခဲ့သည်။
ထို ၄၅ ရက်အတွင်း ဆရာတော်၏ ဈာပနကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းကာ ပရိသတ်များကျွေးမွေးဧည့်ခံရေး၊ ပျော်ပွဲရွှင်ပွဲ၊ မီးသင်္ဂြိုလ်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရေးဆွဲစီစဉ်ခဲ့ကြသည်ဟု ပွဲကျင်းပရေး ကော်မတီဝင် စောတင်ဝင်းကပြောသည်။
"အန္တိမဈာပနမလုပ်ခင်နဲ့ ပွဲနေ့ အပါအဝင် ရက်ပေါင်း ၄၅ ရက်အတွင်းမှာ ဖျော်ဖြေရေး၊ ပွဲစီစဉ်ရေးနဲ့ ကျွေးမွေး ဧည့်ခံစားရိတ်က သိန်းပေါင်း ၁၀,ဝ၀ဝ ကျော်လောက် ခန့်မှန်းထားတယ်။ တော်တော်များများကိုတော့ အလှူရှင်တွေဆီကနေနဲ့ ဆရာတော်အထိမ်းအမှတ်ပစ္စည်းတွေ ရောင်းတဲ့ ကဏ္ဍကနေ ပြန်ကာမိသလောက်တော့ ရှိနေပါပြီ" ဟု စောတင်ဝင်းက ပြောသည်။
ဈာပနအခမ်းအနားအတွက် ရွှေသံလွင် ဦးကျော်ဝင်းက ကျပ်သိန်း ၁,ဝ၀ဝ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကျပ် သိန်း ၃၀ဝ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုက ကျပ်သိန်း ၃၀ဝ၊ နယ်ခြားစောင့်တပ် ၂၀၂၂ တပ်ရင်း မှူး စောမိုးသိုက ကနဦးကျင်းပခဲ့သည့် တရားပွဲရှစ်ပွဲကို တာဝန်ယူထားပြီး တရားဟောဆရာတော် တစ်ပါးကို တစ်ရက်လျှင် ကျပ် ၃၈ သိန်းဆက်ကပ်လ·ဒါန်းခဲ့ကြောင်း စောတင်ဝင်းက ပြောသည်။
အလှူငွေနှင့် အမှတ်တရပစ္စည်းရောင်းရငွေများကိုမူ အတိအကျ တွက်ချက်ရခြင်း မရှိသေးသော်လည်း ခန့်မှန်း သိန်း ၂,ဝ၀ဝ မှ ၃,ဝ၀ဝ ကျော်အတွင်း ရရှိမည်ဟု ခန့်မှန်းရကြောင်း ၄င်းကပြောသည်။
ကရင်ပြည်နယ်တစ်ဝန်း အရှိန်အဝါကြီးမားသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ရာ မြန်မာတိုင်း(မ်)ကဆရာတော်၏ ဈာပန အခမ်းအနားသို့ သွားရောက်သတင်းရယူခဲ့သည်။ ကရင်ပြည်နယ်အတွင်း အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ဆရာတော်၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာခဲ့သည်။
မြိုင်ကြီးငူ နယ်မြေအတွင်းသို့ ဝင်လိုက်သည်နှင့် လက်နက်ကိုင်များကို တင်ဆောင်၍ သွားလာနေသော မော်တော်ကားများကို မြင်တွေ့ရသည်။ ကရင်သင်တိုင်း ဝတ်ဆင်ထားသူများ၊ ဒေသအသီးသီးမှ ဘုရားဖူးကားများကိုလည်း မြင်တွေ့ရသည်။
အဝင်ဆိုင်းဘုတ်မှ ၁၀ မိနစ်ခန့် လမ်းလျှောက်ဝင်သွားသောအခါ ဆရာတော်၏ ရုပ်ကလာပ်ကို ပူဇော်ထားသည့် အဆောက်အအုံနှင့် မီးသင်္ဂြိုလ်မည့် ပြာသာဒ်ဆောင်ကြီးကို ကွင်းပြင်ကြီးတွင် မြင်တွေ့ရသည်။
ပြာသာဒ်ဆောင်ကြီး၏ ညာဘက်စွန်းတွင် စင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထားပြီး၊ ဇာတ်ပွဲရုံနှင့် ပွဲဈေးတန်းသည်လည်း လူအများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် ရိုးရာလက်ဝှေ့ ပြိုင်ပွဲကျင်းပရာ ယာယီ အဆောက်အအုံကိုလည်း လူ ၁çဝ၀ဝ ခန့် ဝင်ဆံ့သည်အထိ ဆောက်လုပ်ထားသည်။
ထို့နောက် ဆရာတော်၏ ရုပ်ကလာပ်ထားရှိရာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်လေ့လာကြည့်ရာ ဆရာတော်၏ ဘေးပတ်ပတ်လည်တွင် နှင်းဆီ၊လီလီပန်းနှင့် သစ်ခွပန်းတို့ဖြင့် အလှဆင်ကာပူဇော်ထားရှိထားကြောင်း တွေ့ရသည်။
ဆရာတော်၏ ရုပ်ကလာပ်ရှေ့တွင် ရှိခိုးပူဇော်နေသည့် ဘုန်းကြီး၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များစွာကို တစ်စုတစ်ဝေးတည်း မြင်တွေ့ရပြီး လူများ ပိတ်ဆို့ခြင်း မရှိစေရန် အဝင်တစ်လမ်း၊ အထွက်တစ်လမ်းဖြင့် စီမံထားကြောင်း ကူညီ ကယ်ဆယ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူ ဦးဘိုဘိုဝင်းက ပြောသည်။
"လူတွေကများတော့ တိုးပြီး မူးလဲတာ၊ ထိခိုက်ဒဏ်ရာမရအောင် အတတ်နိုင်ဆုံး စီမံကြရတယ်။လွယ်တော့ မလွယ်ဘူး။ လူက ထောင်သောင်းချီလာကြတော့" ဟု ဦးဘိုဘိုဝင်းက ပြောသည်။ ၎င်းတို့အဖွဲ့သည် ကရင်ပြည်နယ် ဘားအံ မြို့ပေါ်မှ လာရောက်လုပ်အားပေးကြခြင်းဖြစ်ကြောင်း သူက ပြောသည်။
ဆရာတော် ဦးသုဇန(မြိုင်ကြီးငူဆရာတော်)သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ထရွာဇာတိမှဖြစ်ပြီး စကော ကရင်လူမျိုးဖြစ်သည်။ ဆရာတော်သည် ၁၉၈၂ တွင် ကရင်ပြည်နယ်အတွင်း သက်သတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကို တည်ထောင်ခဲ့သူ သာမည ဆရာတော်၏ သာဝက ရဟန်းတစ်ပါးဖြစ်ခဲ့ဖူးသည်။ ထို့နောက် မြိုင်ကြီးငူ မြို့ဟောင်း နေရာကို ဘုန်းကြီးကျောင်းဝင်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။
"ဆရာတော်ကျေးဇူးနဲ့ လမ်းတွေကောင်းလာတယ်။ ငြိမ်းချမ်းလာတာတွေကို အမြဲကျေးဇူးတင်တယ်။ ဒါကြောင့် ဈာပနပွဲမှာ လုပ်အားနဲ့ ဒါနလာပြုတာ" ဟု ဦးဘိုဘိုဝင်းက ပြောသည်။
နှစ်ပေါင်း ၂၀ အတွင်း ဆရာတော် ပြန်လည်ပြုပြင်မွမ်းမံခဲ့သော ဘုရားပုထိုးစေတီပေါင်း ၇၀ ကျော်ရှိပြီး လမ်းတံတားများစွာကိုလည်း ပြုပြင်မွမ်းမံရန် လမ်းညွှန်ခဲ့ကြောင်း ၎င်းက ပြောသည်။
မြိုင်ကြီးငူဒေသ၏ ထူးခြားချက်မှာ အဆိုပါနယ်မြေအတွင်း သား၊ ငါး စားသုံးခွင့်မရှိပဲ သတ်သတ်လွတ်နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ပြင် ဘာသာခြားများ (မွတ်စလင်များကို ရည်ညွှန်းသည်) ကို ဝင်ရောက်သွားလာခွင့် ကန့်သတ်သည့် နယ်မြေလည်း ဖြစ်သည်။
၁၉၉၄ တွင်မူ မြိုင်ကြီးငူဒေသကို တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ီုဗြ) က ၎င်း၏ဌာနချုပ်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး အဆိုပါအဖွဲ့သည် ဆရာတော်၏ သြဇာခံအဖွဲ့ ဖြစ်လာခဲ့သည်။ ၁၉၉၅ တွင် ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်လာသည့် ီုဗြ အဖွဲ့သည် နယ်ခြားစောင့်တပ် ြွင်္ နှင့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်အဖြစ်သို့ နှစ်ခြမ်းကွဲသွားသည်။
နယ်ခြားစောင့်တပ်ကို အစိုးရက ကွပ်ကဲပြီး၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်ကမူ ၂၀၁၅ တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည်။
သက်ရှိထင်ရှား ရှိစဉ်ကာလတွင် အငြင်းပွားဖွယ်လုပ်ဆောင်ချက်အချို့ ပြုလုပ်ခဲ့သော်လည်း မြိုင်ကြီးငူဆရာတော်၏ နောက်လိုက်များကမူ သူ၏ လုပ်ရပ်ကိုကာကွယ်ပြောဆိုကြသည်။ ဥပမာအားဖြင့် မြိုင်ကြီးငူဒေသို့ အစ္စလာမ် ဘာသာဝင်များ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ခြင်း၊ ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားကျောင်းဝင်းအတွင်း စေတီတည်စေခြင်း စသည်တို့သည် ထင်ရှားပြီး လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
ထို့ပြင် မြိုင်ကြီးငူဆရာတော်သည် ကရင်အမျိုးသားအစည်းအရုံးမှ ီုဗြ ခွဲထွက်ရာတွင် နောက်ကွယ်က ပါဝင်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။ သို့တိုင်နောက်လိုက်တပည့်များကမူ ဆရာတော်ကို ကာကွယ်ပြောဆိုကြသည်။
ကရင်လက်နက်ကိုင်အဖွဲ့များသည် အချင်းချင်း မတည့်ကြသော်လည်း ဆရာတော် သြဇာညောင်းသည့် ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှောင်ရှားကြသည်ဟု နယ်ခြားစောင့်တပ် ၂၀၂၂ တပ်ရင်းမ∙း စောမိုးသိုက ပြောသည်။
"ကရင်တပ်ဖွဲ့တွေက အချင်းချင်း မတည့်တာမျိုးတွေ ရှိပေမဲ့ ဆရာတော်ကိုလေးစားလို့ အချင်းချင်းပစ်ခတ်တာမျိုး သိပ်မရှိခဲ့ဖူးဘူး။ သူနေမကောင်းဖြစ်ပြီး အိပ်ယာထဲလဲတဲ့အချိန်မှာတော့ ပစ်ခတ်မှု (အထူးသဖြင့် ီုဗြ နဲ့ ြွင်္ ကြား)မှာ ခဏခဏ ဖြစ်ခဲ့တယ်"ဟု စောမိုးသိုကပြောသည်။
"အခုဆရာတော် ပျံလွန်တော်မူသွားတော့ကြားက ထိန်းမဲ့သူမရှိတော့မှာကိုတော့ စိတ်ပူရတယ်" ဟု ၎င်းက ဆိုသည်။
ဆရာတော်သည် ကရင်လူမျိုးတို့၏ အကျိုးစီးပွားနှင့် ဗုဒ္ဓဘာသာ သာသနာတော်ကို ပြန့်ပွားအောင် ပြုလုပ်ခဲ့သူ ဖြစ်သည်ဟု ဆရာတော်၏ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော်သူ အသက် ၈၃ နှစ်အရွယ်ရှိ အဖိုး စောသမူထူးက ပြောသည်။
"ဆရာတော်က သာသနာပြန့်ပွားဖို့ တော်တော်လေးလုပ်ခဲ့တယ်။ ဒီကြားထဲမှာ ကရင်လူမျိုးကြား ဘာသာရေးအရ သွေးခွဲတယ်ဆိုပြီး အဝေဖန်လည်းခံခဲ့ရသေးတယ်။ ဒါပေမဲ့ ကရင်လူမျိုးတွေ ကောင်းကျိုး အတွက် အတော်လေး လုပ်ဆောင်ခဲ့တယ်" ဟု စောသမူထူးက ပြောသည်။
"သူ့နေရာမှာ ဆက်ခံတဲ့ ဆရာတော်တောင် သူ့လိုအစစအရာရာ သြဇာလွှမ်းနိုင်ပါ့မလား မသေချာဘူး"ဟု ၎င်းက ဆိုသည်။
မြိုင်ကြီးငူဆရာတော်ကို မီးသင်္ဂြိုလ်မည့် နိုဝင်ဘာ၂၇ မနက်ပိုင်းတွင် အန္တိမအဂ္ဂိဈပနသာဓုကီဠပူဇာပွဲ အထိမ်းအမှတ်အဖြစ် ဆရာတော်၏ တပည့်သားချင်းများဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သာသာနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့က တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြသည်။
ထို့ပြင် ဆရာတော် ၏ တပည့်ရင်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဇေကမ္ဘာဦးခင်ရွှေတို့လည်း တက်ရောက်ခဲ့သည်။
"ဆရာတော်ဘုရားက တစ်ချိန်က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ဦးဆောင်လမ်းပြခဲ့သူ သာသနာပြုပုဂ္ဂိုလ် တစ်ဦးဖြစ်တယ်။ အခုလို ပျံလွန်တော်မူသွားတာကို နှမြောမိတယ်"ဟု ဦးခင်ညွှန့်က ဆရာတော်ကို ပူဇော်ကန်တော့သည့် အခမ်းအနားအပြီးတွင်ပြောသည်။
ဒေသအတွင်း သြဇာကြီးမားသည့်အတွက် ဆရာတော်၏ နေရာကိုဆက်ခံမည့်သူ မည်သူ ဖြစ်လာမည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းနေသည်။ လက်ရှိတွင် မြိုင်ကြီးငူနယ်မြေနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို တိုက်အုပ်ဆရာတော် ဘဒ္ဒန္တÓဏိက (ဖူးစာချ) ကဦးစီးကာ အဖွဲ့ဖြင့် လုပ်ဆောင်လျက်ရှိသည်။
ဆရာတော်နေရာကို အစားထိုးဆက်ခံရန် မဖြစ်နိုင်သောကြောင့် ကျန်ရစ်သူ တပည့်သားချင်းများကဆရာတော်၏ ဆန္ဒနှင့် ဆောက်ရွက်ဆဲကိစ္စများကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တÓဏိက (ဖူးစာချ) က မိန့်သည်။
"ဆရာတော်လုပ်ဆောင်နေကျဖြစ်တဲ့ အလ·ကိစ္စတွေ၊ ဒုက္ခသည်တွေကို ထောက်ပံ့တာတွေ၊ လမ်းဖောက်တာ၊ သာသနာပြုရမှာတွေကို ဦးဇင်းတို့ ဆက်လုပ်ရမယ့်တာဝန်ရှိတယ်လေ"ဟု သူက ပြောသည်။
ဆရာတော်ဦးသုဇနကို မှီခိုနေရသည့် စစ်ဘေးဒုက္ခသည်များအတွက် စိုးရိမ်ဖွယ်ဖြစ်သည်ဟု မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်း တာဝန်ခံ စောထွန်းက ပြောသည်။
"ဆရာတော်က ပုံမှန်ထောက်ပံ့တာအပြင် သူ့သြဇာခံအဖွဲ့တွေကိုလည်း လာလ·ခိုင်း၊ ထောက်ပံ့ခိုင်းတာမျိုးတွေ လုပ်လေ့ရှိတယ်။ ဆရာတော်မရှိတော့ ဒါမျိုးတွေ ဖြစ်လာတော့မယ်မထင်ဘူး"ဟု စောထွန်းက ပြောသည်။
၎င်းသည် မြိုင်ကြီးငူဆရာတော်၏ ရုပ်ကလာပ်ကို နောက်ဆုံးအကြိမ် ဒုက္ခသည်စခန်းမှ ကလေးများနှင့် အတူ လာရောက် ပူဇော်ကန်တော့ခြင်းဖြစ်သည်။
"ကလေးတွေကတော့ ရွှေတောင်ကြီးပြိုကျသွားတာကို မသိကြဘူး။ ပွဲဖြစ်တယ်ဆိုတော့ ပျော်နေတာပဲ"ဟု စောထွန်းက ပြောသည်။


















