ဆော်ပေါ်လို ” ဘရာဇီးလ်နိုင်ငံ၏ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသော ဘိုလ်ဆိုနာရိုသည် အမေဇုန်မိုးသစ်တောများ ကို ပြဿနာအသေးအဖွဲကလေး တစ်ခုမှအစ အမှိုက်ကစ မီးလောင်သည့်ပမာ ပြဿနာ ကြီးများဖြစ်ပေါ်စေရန် တွန်းပို့ခြင်းအဖြစ် ကမ္ဘာ့ရာသီဥတုနှင့် မိုးရွာသွန်းမှုတွင် ပြင်းထန်သောဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားခဲ့သည်။
ဘရာဇီးလ် မိုးသစ်တောကို ထိန်းသိမ်း ကာကွယ်ခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို ဟန့်တားရာရောက်သည် ဟုဆိုကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် သမ္မတ ရာထူးတာဝန်ကို စတင်ထမ်းဆောင်မည့် ဘိုလ်ဆိုနာရိုက ကျွဲနွားတိရစ္ဆာန်များအတွက် စားကျက်နှင့် ပဲပိစပ် စိုက်ပျိုးမြေအဖြစ် ပြောင်းလဲလုပ်ပိုင်ခွင့် ရရှိရေး တောင်းဆို ထားသည်။ လက်ယာယိမ်းသမ္မတ ဘိုလ်ဆိုနာရို ကို အောက်တိုဘာ ၂၈ ရက်က ဘရာဇီးလ် ပြည်သူများက သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။
လာမည့်သီတင်းပတ်တွင် ကမ္ဘာ့ခေါင်းဆောင်ကြီးများသည် ပိုလန်နိုင်ငံတွင် နိုင်ငံတကာ ရာသီဥတုနှင့်ပတ်သက်သော ညှိနှိုင်းဆွေးနွေးပွဲအတွက် တွေ့ဆုံကြမည်။ ရာသီဥတုပြောင်းလဲခြင်းကို ဟန့်တားရန်နှင့် အမေဇုန် မိုးသစ်တော၏ အနာဂတ်ကို ပုံဖော်ရာတွင် ဘရာဇီးလ်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းများကို ဆွေးနွေးကြမည်ဖြစ်သည်။
ဘရာဇီးလ်နိုင်ငံ ပိုင်နက်အတွင်း အမေဇုန်မိုးသစ်တော၏ ရာခိုင်နှုန်း ၆၀ ခန့်ပါဝင်နေပြီး သိပ္ပံပညာရှင်များက စိုးရိမ်ကြသည်။ သစ်ပင် တိုင်းက ကမ္ဘာ့လေထုထဲက စုပ်ယူထားသော ကာဗွန်ကို သိုလှောင်ထားကြသည်။ အမေဇုန် သစ်တောကြီးသည် တစ်နှစ်လျှင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ် နှစ်ဘီလျံတန်ကို စုပ်ယူ ထားပြီး ကမ္ဘာပေါ်ရှိ အောက်စီဂျင်ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ထုတ်လွှတ်ပေးလျက်ရှိသည်။ "ကမ္ဘာဂြိုဟ်၏ အဆုတ်များ"ဟု ခေါ်ကြပြီး ကမ္ဘာ့ရာသီဥတု အကောင်းအဆိုးကို ဖန်တီး ပေးသည့်နေရာဟု ခေါ်ကြသည်။
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၏ ၁၀ ဆ ကျယ်သော အမေဇုန်သည် ကမ္ဘာတွင် အကြီးဆုံး မိုးသစ်တောဖြစ်သည်။ သန်းထောင်ပေါင်းများစွာရှိသော သစ်ပင် များသည် အမြစ်များဖြင့် ရေကိုစုပ်ယူပြီး သစ်ရွက်များသို့ပို့ပေးကာ ၎င်းတို့က ရေငွေ့ကို ထုတ်လွှတ်ပေးသည်။ ၎င်းရေငွေ့သည် မိုး သစ်တောအထက်ရှိ မိုးကောင်းကင်တွင် ထူထပ်သော မြူနှင်းများအဖြစ် တည်ရှိသည်။ထိုမြူနှင်းသည် မိုးတိမ်များအဖြစ် ဆင်းလာပြီး မိုးရွာသွန်းမှုဖြစ်လာသည်။ ကာဗွန်စုပ်ယူခြင်း၊ ကမ္ဘာ့အဆုတ်များနှင့် မိုးကိုဖန်တီးမှု စသော လုပ်ငန်းသုံးရပ်စလုံး၏ တည်တံ့ခိုင်မြဲမှုသည် ရင်တမမဖြစ်ရသော အခြေအနေတွင်ရှိသည်။ အကယ်၍ ဘိုလ်ဆိုနာရိုသည် ၎င်း၏ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုတွင် ပေးထားသောကတိများကို တည်မည်ဆိုပါက အမေဇုန်သစ်တောပြုန်းတီးမှုသည် လျင်မြန်စွာ တိုးပွား မည်ဖြစ်ပြီး ကမ္ဘာ့နေရာတိုင်း၌ အကျိုးဆက်ကို ခံစားရမည်ဟု ဆော်ပေါ်လို တက္ကသိုလ်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရူပဗေဒပါမောက္ခ ပေါင်လို အာတာဇိုက ဆိုသည်။
ဘရာဇီးလ်ကို ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျိုးပြုသည့် ကျော်ကြားမှုရှိသော နိုင်ငံအဖြစ် တစ်ချိန်က တွေ့မြင်ရသည်။ ၂၀ဝ၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ဂြိုဟ်တု မှန်မှန်စောင့်ကြည့်မှုနှင့် ဒေသခံများအတွက် သီးသန့်သတ်မှတ်ထားသော မြေရာများအတွက် ကာကွယ်ခြင်းတို့ဖြင့် ကူညီထား သည့် မိုးသစ်တောကို ကာကွယ်ပေးရန် ပိုပြီး တိတိကျကျ လိုက်နာရသည့် ဥပဒေများသည် ၂၀ဝ၀ ပြည့်နှစ်များ အစောပိုင်း၌ တစ်နှစ်လျှင် သစ်တော ပြုန်းတီးမှုနှုန်း စတုရန်းမိုင် ၉,၆၅၀ ခန့်ကို ဟန့်တားနိုင်ခဲ့သည်။
သမ္မတ ဒယ်လ်မာရူးဆက်ဖ်၏ ၂၀၁၆ ခုနှစ်စွဲချက်တင်ခံရမှုကို ဦးတည်သည့် နိုင်ငံရေး ကပ်ဆိုက်မှုတစ်ခု ဘရာဇီးလ်ကို လွှမ်းမိုးပြီး နောက် တရားဥပဒေလိုက်နာမှုများ တုံ့ဆိုင်း သွားခဲ့သည်။ ခြံကျယ်စနစ်ဖြင့် မွေးမြူရေး လုပ်ငန်းများနှင့် လယ်သမားများသည် မိုး သစ်တောများကို စားကျက်မြေနှင့်စိုက်ပျိုးရေး မြေများအဖြစ် စတင်ပြောင်းလဲကြသည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း နှစ်စဉ် သစ်တောပြုန်းတီးမှုသည် စတုရန်းမိုင် ၃,ဝ၉၀အထိနှစ်ဆဖြစ်လာသည်။ ခုတ်ဖြတ်ခံထားရသည့်သစ်ပင်များနှင့် ပင်ခြေပိတ်ပေါင်းများကို မီးရှို့ရာ ကာဗွန်ဒိုင်အောက်ဆိုက်များ တိုက်ရိုက်လွှတ်နေသည်ဟု အာတာဇိုက ဆိုသည်။
၂၀၁၆ ခုနှစ်၌ ယခင်သမ္မတ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်တစ်ခုဖြစ်သော Paris Climate Accord မှ ဘရာဇီးလ် နုတ်ထွက်သင့်ကြောင်း ဘိုလ်ဆိုနာရိုက ထပ်တလဲလဲ ဆိုခဲ့သည်။ ထိုစာချုပ်တွင် ၂၀၁၅ ခုနှစ်က အဆင့်ထက် ကာဗွန်ထုတ်လွှတ်မှုကို ၃၇ ရာခိုင်နှုန်း ၂၀၃၀ ပြည့်နှစ်တွင် လျှော့ချရန် သဘောတူထားသည်။ နိုင်ငံအတွက် ကာဗွန်ထုတ်လွှတ်မှု ရည်မှန်းချက်အတိုင်းဖြစ်ရန် တစ်ခုတည်း သော နည်းလမ်းသည် သစ်တောပြုန်းတီးမှုကို ၂၀၃၀ ပြည့်နှစ်တွင် လုံးလုံရပ်ပစ်ရန်နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လွှတ်မှုများကို လျှော့ချရန်ဖြစ်သည်ဟု ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင် နိုဘာက တိုက်တွန်း ပြောကြားခဲ့သည်။


















