တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီးသည် တစ်ခုတည်းသော အဆက်မပြတ်တည်ရှိသော အဆောက်အအုံတစ်ခုဟု ပြောစမှတ်ပြုခဲ့သော်လည်း အထင်ကရဖြစ်သော တံတိုင်း ကြီးသည် နိုင်ငံအနှံ့ တောက်လျှောက် ကျောက်တုံးများဖြင့် အခိုင်အမာပြုလုပ်ထားသည့် တံတိုင်းဖြစ်ပြီး ကိုရီးယား နယ်စပ်မှ ဂိုဘီသဲကန္တာရအထိ ပြောင်းလဲနေသော တော တောင်ရေမြေ သဘာဝရှုခင်းကို တွေ့နိုင်သည့် နေရာ ဖြစ်သည်။
National Geographicမဂ္ဂဇင်း၏အဆိုအရ မိုင်ထောင်ချီ၍ ရှည်လျားပြီး အချို့နေရာများ၌ နှစ်ပေါင်း ၂၀ဝ၀ ကျော်ရှိပြီဖြစ်ရာ ထိုတံတိုင်း၏ ၃၀ ရာခိုင်နှုန်းသည် တဖြည်းဖြည်း ပြိုပျက်နေပြီဟု သိရသည်။
ဖြတ်သန်းရန် အလွန်အန္တရာယ်များသဖြင့် လူများ လုံးဝမသွားရန် ဟန့်တားထားသည့် ယိုယွင်းနေသော အပိုင်းများဖြစ်သည့် ရှေးတံတိုင်းကြီး၏ အားအနည်းဆုံး အပိုင်းများကို သိရှိရန် တရုတ်အာဏာပိုင်များက မောင်းသူမဲ့ အဝေးထိန်း လေယာဉ်ငယ် (ဒရုန်း) များကို အသုံးပြု၍ လေ့လာခဲ့သည်။
တရုတ်အာဏာပိုင်များသည် ဒရုန်းများကို အသုံးပြု၍ တံတိုင်းကြီး၏ အပိုင်းများကို မြေပုံဆွဲပြီး တိုင်းတာနိုင်ခဲ့ ကြောင်း ရရှိသည့် တိကျသည့်အချက်အလက်များကို အဆောက်အအုံအား ပြန်လည်ထူထောင်ရန် အသုံးပြု ခဲ့ရာ လူသား၏ အကြီးမားဆုံးသော အင်ဂျင်နီယာ လုပ်ငန်း၏ စွမ်းဆောင်မှုတစ်ခုအဖြစ် အသိအမှတ်ပြု ခဲ့ကြသည်။ တံတိုင်း၏ "ကျန်ကို"အပိုင်း၏ ကြည်လင် ပြတ်သားသည့် သုံးဖက်မြင်ရုပ်လုံးရုပြွ်က ပုံရိပ်များကို ဖမ်းယူရန်Intel's Falcon 8+ ဒရုန်းများကို အသုံးပြုခဲ့ သည်။ ထိုအပိုင်းသည် ပေကျင်းမှ မိုင် ၅၀ တွင်ရှိပြီး "မင်" မင်းဆက် "၁၃၆၈“၁၆၄၄" တွင် ဆောက်လုပ်ခဲ့ပြီး ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံရသည်။
ကြိုးပမ်းဆောင်ရွက်မှုသည် သက်တမ်းရင့်လှပြီ ဖြစ်သော တံတိုင်းများကို ကျောက်တုံးအသစ်များနှင့် ကွန်ကရစ်တို့ဖြင့် အားဖြည့်ပေးရုံထက် ပိုပြီး ခက်ခဲရှုပ်ထွေး ကြောင်း မဟာတံတိုင်း ဗိသုကာ ကျောင်ပင်းက ဆိုသည်။
"မဟာတံတိုင်းကြီးရဲ့ တချို့အပိုင်းတွေဟာ အလွန် အန္တရာယ်ကြီးတယ်။ ဒရုန်းကို အသုံးပြုပြီး အလျားတွေနဲ့ လှိုင်းပမာ မို့မောက်နိမ့်ကျခြင်းတွေကို တိုင်းနိုင်တယ်"ဟု ပင်းက ဘီဘီစီသတင်းဌာနသို့ ပြောပြသည်။ အစိတ်အပိုင်းများစွာပါဝင်သော အဆောက်အအုံ ဖြစ်သောကြောင့် မြားဝင်ပေါက်များ၊ သူရဲခိုများ၊ ကြမ်းခင်းဒီဇိုင်းများနှင့် ထုံးကျောက်ပါဝင်မှုတို့ကို လေ့လာဖို့ လိုအပ်သည် ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

















