တီဟွာနား ” အမေရိကန်နယ်စပ် လုံခြုံရေးအစောင့်တပ်ဖွဲ့များက ဗဟိုအမေရိကမှ ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးများဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် စတင်ပစ်ခတ်ခဲ့ပြီး အဆိုပါရွှေ့ပြောင်းနေထိုင်သူ အချို့က နိုင်ငံအတွင်း ခိုလှုံခွင့်ရရှိမည့် အခွင့်အရေးဆုံးရှုံးမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
နိုဝင်ဘာ ၂၅ ရက်အဖြစ်မျိုး မခံစားရစေရန် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာ ခိုလှုံလျက်ရှိသည့် တီဟွာနား အားကစားကွင်းတွင် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များက အမေရိကန်နယ်စပ်သို့ မသွားရန် ကြိုတင်တားဆီးလျက်ရှိသည်။ ရဲများက ရွှေ့ပြောင်းနေထိုင်သူများ နယ်စပ်ဖြတ်ခြင်းကိုသာ ပိတ်ပင်ထားခြင်းဖြစ်ပြီး လွတ်လပ်စွာ သွားလာခွင့်ပေးထားသည်။ တီဟွာနားသို့ ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီး ရောက်ရှိမလာမီ အမေရိကန်နိုင်ငံအတွင်း ခိုလှုံခွင့်လျှောက်ထားသူ တန်းစီစာရင်းတွင် လူဦးရေ ၃,ဝ၀ဝ ခန့်ရှိကြောင်း သိရသည်။
အမေရိကန်အရာရှိများက တစ်နေ့လျှင် တစ်ယောက် အောက်သာ အရေးယူဆောင်ရွက်လျက်ရှိပြီး လက်ရှိ ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အချိန်ကာလ လပေါင်းများစွာ ကြာမြင့်လိမ့်မည်။
အဆိုပါ လူအုပ်ကြီးသည် ဗဟိုအမေရိကမှ ခြေကျင်ခရီးကြမ်း နှင်လာခဲ့ပြီးနောက် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရန် အခွင့်အလမ်းရှိမရှိ စိုးရိမ်ပူပန်နေကြသည်။ နိုဝင်ဘာ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့ရသည့် ဖြစ်ရပ်က ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာက ၎င်းတို့၏ အကျဉ်းအကျပ်ကို အာရုံစိုက်လာစေရန် နယ်စပ်ဂိတ်သို့ ချီတက်လာခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အချို့ ရွှေ့ပြောင်းနေထိုင်သူများက နယ်စပ် ခြံစည်းရိုးကိုကျော်၍ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။
နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ၆၉ ဦးကို ကယ်လီဖိုးနီးယား ပြည်နယ်ဘက်ခြမ်းတွင် ဖမ်းဆီးခဲ့ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင် ကယ်လ်ဗင် မက်အယ်လီနန်က ပြောကြားခဲ့သည်။ နယ်စပ် ကင်းလှည့်တပ်ဖွဲ့များ၏ အင်အားသုံး မူဝါဒအရ မျက်ရည်ယိုဗုံးများနှင့် အသက်အန္တရာယ် မစိုးရိမ်ရသည့် နည်းလမ်းများကို အသုံးပြုနိုင်သော်လည်း ယခု ဖြစ်ရပ်ကို ပြန်လည် စစ်ဆေးသွားမည်ဟု ၎င်းက ဆိုသည်။
ရွှေ့ပြောင်းနေထိုင်သူများ ၎င်းတို့နေရပ်သို့ပြန်လိုကြောင်း တောင်းဆိုချက်များ မက္ကဆီကို အစိုးရကပိုမိုရရှိလာကြောင်းသိရသည်။ အဆိုပါစခန်းတွင် ရဲတပ်ဖွဲ့ထားရှိမှုက ရွှေ့ပြောင်းနေထိုင်သူများ ဘေးကင်းလုံခြုံရေးအတွက်သာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးတွင် အကြမ်းဖက်သမားများ၊ မူးယစ်ရောင်းဝယ်ဖောက်ကားသူများ ပါဝင်လာမည်ဟု အမေရိကန် သမ္မတထရမ့်က ပြောကြားခဲ့သော်လည်း အဆိုပါ လူအုပ်ကြီးအတွင်း အများစုမှာ ရာဇဝတ်ဂိုဏ်း အကြမ်းဖက်မှုနှင့် ဆင်းရဲမွဲတေမှုမှ လွတ်ကင်းရာ ထွက်ပြေးလာသော ဆင်းရဲသားများဖြစ်သည်။
လူဦးရေ ၁ ဒသမ ၆ သန်းခန့် နေထိုင်သည့် တီဟွာနား နယ်စပ်တွင်ရှိသော နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို ဖြေရှင်းရန်နှင့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အမေရိကန်နှင့် မက္ကဆီကို အစိုးရ အရာရှိများ အငြင်းပွားလျက်ရှိသည်။

















