တောင်တရုတ် ပင်လယ်ပြင်အမေရိကန်ရေတပ် အင်အားပြသမှု

တောင်တရုတ် ပင်လယ်ပြင်အမေရိကန်ရေတပ် အင်အားပြသမှု

လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် ရော်နယ်ရေဂင်၏ ကုန်းပတ်ပေါ်က တိုက်ဂျက်လေယာဉ်များ တဝေါဝေါဖြင့် တောင်တရုတ်ပင်လယ်ပြင်အထက်သို့ ပျံတက်စဉ် သင်္ဘောပေါ်သို့ဖိတ်ကြားထားသော ဧည့်သည်များက ၎င်းတို့၏ဖုန်းများကိုမြှောက်ကာ ဆယ်လ်ဖီပုံများ ရိုက်ယူခဲ့ကြသည်။

အဆိုပါ အမှတ်တရပုံရိပ်များကို ရိုက်ကူးသူများထဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးလည်း ပါဝင်သည်။

ဟောင်ကောင်တွင် နိုဝင်ဘာ စတုတ္ထပတ်က ဆိုက်ကပ်ခဲ့သည့် အဆိုပါ လေယာဉ်တင်သင်္ဘောသည် ပိုင်နက်နယ်မြေများ တောင်းဆိုမှုကို ပိုမိုခိုင်မာစေရးအတွက် တရုတ်ပြည်က ယင်း၏ရေတပ်စွမ်းရည် ပြသနိုင်ရန် ကြိုးပမ်းနေသည့် အာရှ”ပစိဖိတ်ဒေသတွင် အမေရိကန်အတွက် စိန်ခေါ်မှုများကို ရုတ်တရက်ပြသခြင်းဖြစ်သည်။ အမေရိကန်က အရှေ့အာရှတစ်ဝန်းတွင် အင်အားကြီးမားသည့် ရေတပ်အင်အားအဖြစ် ၎င်းတို့၏နေရာကို ထိန်းထားရန်ကြိုးပမ်းနေခြင်းဖြစ်ရာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက တရုတ်သည် နိုင်ငံတကာစည်းမျဉ်းများနှင့် စစ်ရေးမဟာမိတ်များကို နေရာပြန်လည် စီစဉ်ရန် ကြိုးပမ်းနေသည်ဟု အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကယူဆကြသည်။ ထို့ပြင် အမေရိကန်သည် တရုတ်တို့၏ လျင်မြန်စွာတိုးတက်လာသော စစ်ရေးလက်လှမ်းမီမှုကိုလည်း ယှဉ်ပြိုင်နေရသည်။

အမေရိကန်စစ်ရေးအင်အားကို အလျင်အမြန်တုံ့ပြန်ရန် ရေတပ်နှင့် ဒုံးကျည်စနစ်များထဲသို့ ရင်းနှီးမြှုပ်နှံမှုများလည်းပါသည်။ တရုတ်တို့၏ စစ်ရေးရည်မှန်းချက်မှာ တောင်တရုတ်ပင်လယ်ပြင်ထက် ပိုကြောင်း အချို့နေရာများက ဖော်ပြနေသည်။ တရုတ်တို့သည် ယခုအခါ အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများကို ဖျက်ဆီးနိုင်သည့် စွမ်းပကားရှိသော ဒုံးကျည်များကို နေရာချထားနိုင်ကြောင်း အနောက်နိုင်ငံ စစ်ရေးဝေဖန်ဆန်းစစ်သူများကပြောသည်။

ကမ္ဘာ့ကုန်သွယ်မှု သုံးပုံတစ်ပုံ စီးဆင်းနေသည့် တောင်တရုတ်ပင်လယ်ပြင်ရှိ အရေးပါသည့် ရေကြောင်းကို ၎င်းတို့အနေဖြင့် သမိုင်းဝင်အခွင့်အရေးရှိသည်ဟု ပြောကြားသည်။

ထိုအတောအတွင်းမှာပင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်တို့က တောင်တရုတ် ပင်လယ်ပြင်ကို အရေးပါသည့် နိုင်ငံတကာရေကြောင်းစင်္ကြံလမ်းအဖြစ် ရှုမြင်ကြသည်။ ဖိလစ်ပိုင် အပါအဝင် ပင်လယ်ပြင်နှင့် နယ်နိမိတ်ချင်း ကပ်လျက်ရှိသည့် နိုင်ငံများက ၎င်းတို့၏ ဝင်ရောက်သွားလာခွင့်ကို ကူညီကာကွယ်ပေးရန် အမေရိကန်ရေတပ်ကို အားကိုးတကြီး မျှော်လင့်ကြသည်။

သို့သော် တောင်တရုတ်ပင်လယ်တွင် တရုတ်တို့၏ စစ်ရေးချဲ့ထွင်မှု အပါအဝင် စစ်ရေးအရ စိုးရိမ်ပူပန်မှုများက အမေရိကန်တွင် သတိပေးချက်ထွက်လာသည်။ ယခုလအတွင်း စင်ကာပူတွင်ပြုလုပ်သည့် ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က တောင်တရုတ်ပင်လယ်ပြင်ကို မည်သည့်နိုင်ငံကမျှ မပိုင်ဆိုင်ကြောင်းနှင့် အဆိုပါဒေသတွင် အမေရိကန်တို့၏ စစ်ရေးတာဝန်ယူမှုကို ထပ်မံအတည်ပြုပြောကြား သော်လည်း တရုတ်က ကိုယ်ပိုင်စစ်အင်အားတည်ဆောက်နေသည့်အတွက် ထိုသို့လုပ်ဆောင်ရန် ပိုမိုခက်ခဲလာကြောင်း ဝေဖန်ဆန်းစစ်သူများက ပြောသည်။

တရုတ်တို့သည် ယခုအခါ အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများကို ဖျက်ဆီးနိုင်သည့် စွမ်းပကားရှိသော ဒုံးကျည်များကို နေရာချထားနိုင်ကြောင်း ...

လွန်ခဲ့သည့်အနှစ် ၂၀ ကျော်အတွင်း တရုတ်ရေတပ်သည် ခေတ်မီအောင်ပြုလုပ်ခြင်းဖြင့် အမေရိကန်ကို မီသွားသည်ကို တွေ့ရှိရကြောင်း မကြားသေးမီကပြုလုပ်ခဲ့သည့် လေ့လာမှု၌ တွေ့ရှိရသည်။ အခြေခံအားဖြင့် ကဏ္ဍတိုင်းတွင် တရုတ်သည် အမေရိကန်နှင့် ကွာဟမှုကို သိသိသာသာ ကျဉ်းမြောင်းစေသည်ဟု ကာကွယ်ရေးဆိုင်ရာ ဝါရင့်လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်သည့် ဒဲရက်ခ်ဂရော့စ်မန်းက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်က ပြောကြားသည့် မိန့်ခွန်းတွင် ရေတပ်ဗိုလ်ချုပ်ကြီး ဖီးလ်ဒေးဗစ်ဆန်က တရုတ်နိုင်ငံသည် ဒေသတွင်း ရေရှည်တည်ငြိမ်မှုအတွက် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်သည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များဖြင့် မဟာတံတိုင်းကြီးတစ်ခု တည်ဆောက်ကာ အဆိုပါ တံတိုင်းကြီးသည် နိုင်ငံတကာရေပြင်နှင့် ဝေဟင်အပေါ် အမျိုးသားရေးအရထိန်းချုပ်မှုကို အသုံးပြုမည့် အလားအလာရှိသည်ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

"ဝေဟင်ပစ်ဒုံးကျည်တွေကို တောင်တရုတ်ပင်လယ်ထဲက လူတွေဖန်တီးထားတဲ့ ကျွန်းအတုတွေပေါ်မှာ တရုတ်က တည်ဆောက်လိုက်တာဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေကလည်း နိုင်ငံတကာဥပဒေအရ အဲဒီနေရာမှာ အချုပ်အခြာအာဏာရဖို့ တောင်းဆိုကြတယ်" ဟု ၎င်းကပြောသည်။တောင်တရုတ်ပင်လယ် တရုတ်၏တောင်းဆိုမှုကို ပျက်ပြယ်စေသည့် နိုင်ငံတကာတရားရုံး၏ ၂၀၁၆ ဆုံးဖြတ်ချက်ကို တရုတ်ကငြင်းပယ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် တောင်တရုတ်ပင်လယ်ပြင်တွင် အမေရိကန်စစ်တပ် အများအပြားချထားမှုကို တရုတ်က ကန့်ကွက်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ဖိလစ်ပိုင်ကမ်းခြေ အပြင်ဘက်တွင် နိုဝင်ဘာ စတုတ္ထပတ်က ရေဂင်နှင့် အခြားလေယာဉ်တင်သင်္ဘောများ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးဖြစ်သူက ထောက်ပြကာ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို အကြောင်းပြကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းသည် တောင်တရုတ်ပင်လယ်တစ်ဝိုက်ရှိ နိုင်ငံများ၏ အချုပ်အခြာအာဏာကို ပျက်စီးစေသည်ဟု ပြောသည်။

မြေပြင်ပစ်ဒုံးကျည်များအပြင် တရုတ်သည်၎င်းတို့ကိုယ်တိုင် လေယာဉ်တင်သင်္ဘောများ တည်ဆောက်နေသည်မှာ လေယာဉ်တင်သင်္ဘော ၁၁ စင်းရှိသည့် အမေရိကန်ကို ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့်လုပ်ရပ်ဖြစ်သည်။  သို့သော် တရုတ်တို့အနေဖြင့် အချိန်ကြာကြာယူရဦးမည်ဖြစ်သည်။ တရုတ်တွင် မောင်းနှင် အသုံးပြုနေသည့် လောင်နင်းလေယာဉ်တင်သင်္ဘောမှာ ယခုလောလောဆယ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်။ ဒုတိယတစ်စင်းမှာ စမ်းသပ်မောင်းနှင်ဆဲဖြစ်ကာ တတိယအစင်းမှာ စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည်။

"အရင်ကတည်းက ကျွန်တော်တို့က လေယာဉ်တင်သင်္ဘောတွေ မောင်းနေတာမို့ အတော်လေးကို ကျွမ်းကျင်တယ်။ တရုတ်တွေကတော့ အဲဒီလိုမောင်းနိုင်ဖို့ အချိန်ယူရဦးမယ်" ဟု ရေတပ်ဗိုလ်ချုပ်ကြီး ကားလ်အိုသောမက်စ်က အင်တာဗျူး၌ ပြောကြားသည်။

တရုတ်ရေတပ်တွင် တိုက်ပွဲအတွေ့အကြုံမရှိသည်မှာ နှစ်ပေါင်း ၃၀ ကြာမြင့်နေပြီး သင်္ဘောဖျက်ဒုံးကျည်ကဲ့သို့ နည်းပညာများကိုလည်း စမ်းသပ်မှုမပြုလုပ်ရသေးကြောင်း ၎င်းက ဆိုသည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။