ကိယက်ဗ် (ယူကရိန်း)-ယူကရိန်းသမ္မတက ရုရှားဘက်မှ ကျူးကျော်ရန်စမှုများကို တွန်းလှန်တိုက်ခိုက်ရန်ဟုဆိုကာ နိုင်ငံ၏ အချို့နေရာများတွင် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းရန် ယူကရိန်းပါလီမန်က နိုဝင်ဘာ ၂၆ ရက်က မဲပေးဆုံးဖြတ်ခဲ့သည်။
ကရိုင်းမီးယားကျွန်းဆွယ် အပြင်ဘက်တွင် ရုရှားဘက်မှပစ်ခတ်မှုပြုလုပ်ကာ ယူကရိန်းသင်္ဘောသုံးစင်းကို သိမ်းယူထားခြင်းကြောင့် နိုဝင်ဘာ ၂၅ ရက်က ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားအပြီးတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု အသစ်ပြန်ဖြစ်ပွားခဲ့ရသည်။ ငါးနာရီကြာအခြေအတင်ဆွေးနွေးပြီးနောက် ပါလီမန်သည် သမ္မတ၏အဆိုပြုချက်ကို တစ်ခဲနက်သဘောတူညီခဲ့ကာ ရုရှားနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ဘယ်လာရုစ်အပါအဝင် ယူကရိန်းရှိ ဒေသ ၂၇ ခုတွင် နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းမှစတင်ကာ ရက် ၃၀ ကြာ စစ်အုပ်ချုပ်ရေးအမိန့်ကို မဲပေးကာ ပြဋ္ဌာန်းလိုက်သည်။
ပင်လယ်နက်နှင့် အဇော့ဗ်ပင်လယ်ကို ပိုင်းခြားထားသည့် ကာ့ချ်ရေလက်ကြားအနီးတွင် ယူကရိန်း ရေတပ်သင်္ဘောများကို ရုရှားကမ်းခြေစောင့် သင်္ဘောများက ပစ်ခတ်ခဲ့ခြင်းကြောင့် ယူကရိန်းသင်္ဘောသား ခြောက်ဦးဒဏ်ရာရကာ သင်္ဘောများနှင့် သင်္ဘောသား၂၄ ဦးကိုပါ ဖမ်းဆီးထားသည်။ ၎င်းတို့၏ သင်္ဘောများသည် အဇော့ဗ်ပင်လယ်ပြင်သို့ နိုင်ငံတကာ ရေကြောင်းဥပဒေနှင့်အညီ သွားခြင်းဖြစ်သည်ဟု ယူကရိန်းတို့က ပြောကြားကာ ရုရှားတို့ကလည်း ယခုနှစ်တွင် ရုရှားတို့ အပြီးသတ်တည်ဆောက်ခဲ့သည့် ၁၉ ကီလိုမီတာရှည်လျားသည့် တံတားခင်းထားသည့် ကျဉ်းမြောင်းသောရေလက်ကြားကို ဖြတ်သန်းသွားလာရန် ယူကရိန်းတို့က ခွင့်ပြုချက် ရယူခြင်းမရှိကြောင်း ရုရှားတို့က စွပ်စွဲပြောကြားသည်။
ယူကရိန်းရေတပ်သည် ရုရှားရေပိုင်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည်ဟု ရုရှားက ပြောသည်။ အမြောက်တပ် သင်္ဘောနှစ်စင်းနှင့် ဆွဲသင်္ဘောတစ်စင်းသည် ရုရှားရေပိုင်နက်အတွင်း ယာယီပိတ်ထားသည့် နေရာသို့ ရုရှားစံတော်ချိန် နံနက် ၇ နာရီခန့်တွင် တရားမဝင် ဝင်ရောက်ခဲ့သည်ဟု အင်တာဖက်စ်သတင်းဌာနသို့ ရုရှားနယ်စပ်အစိုးရအဖွဲ့အစည်းမှ ပြောသည်။
၂၀ဝ၃ ခုနှစ်က ချုပ်ဆိုခဲ့သည့် စာချုပ်အရ ကာ့ချ်ရေလက်ကြားနှင့် အဇော့ဗ်ပင်လယ်အား အတူတူသုံးစွဲရမည့်ပင်လယ်ရေပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း ရုရှားသည် ကရိုင်းမီးယားကို သိမ်းပိုက်ပြီးကတည်းက ရေလက်ကြားကို ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းလာသည်။
နိုဝင်ဘာ ၂၇ ရက်တွင် ရုရှားက ယူကရိန်း ရေတပ်သင်္ဘောများမှ သင်္ဘောသားများကို အမှုစတင်စစ်ဆေးလျက်ရှိသည်။ ရုရှား ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း သင်္ဘောသားများက ဝန်ခံသည့် ဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။
ယူကရိန်းကမူ ဖမ်းဆီးထားသော ရေတပ်သားများအား စိတ်ဓာတ်စစ်ဆင်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာအရ ဖိအားပေးမှုများကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ကရိုင်းမီးယား ကျွန်းဆွယ်၏မြို့တော် ဆင်ဖီရိုပိုးရှိ တရားရုံးတစ်ရုံးတွင် ယူကရိန်းသင်္ဘောသား ၁၂ ဦးကို စစ်ဆေးနေခြင်းဖြစ်ပြီး ရုရှားနယ်နိမိတ်ကို ကျူးကျော်ဝင်ရောက်မှုအတွက် စွဲချက်များဖြင့် နှစ်လကြာ ဖမ်းဆီးထိမ်းသိမ်းထားမည်ဟု သိရသည်။
နေတိုးအဖွဲ့ကမူ ယူကရိန်းသင်္ဘောများကို ရုရှားက စစ်အင်အားအသုံးပြု၍ ဖမ်းဆီးခြင်းသည် တရားမျှတမှုမရှိကြောင်း ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို အပြည့်အဝ အသိအမှတ်ပြုထောက်ခံကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဗျူနိုအေးရိစ်တွင် ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ ဆွေးနွေးပွဲ၌ ရုရှား သမ္မတ ပူတင်နှင့်တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းမည်ဟု နိုဝင်ဘာ ၂၇ ရက်က ခြိမ်းခြောက်ပြောကြားခဲ့သည်။

















