နယူးဇီလန်ရှိ ဆက်သွယ်ရေးကွန်ရက်ကို ဖိုက်ဂျီ( 5G) သို့ အဆင့်မြှင့်တင်ရာတွင် ကွန်ရက်ဆိုင်ရာလုံခြုံရေးစိုးရိမ်စရာရှိသောကြောင့် တရုတ်ကုမ္ပဏီ ဟွာဝေးထုတ် နည်းပညာပစ္စည်းများကို အသုံးမပြုရန် မိုဘိုင်းနည်းပညာကုမ္ပဏီ စပါ့ခ်အား နယူးဇီလန်နိုင်ငံတကာထောက်လှမ်းရေးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ညွှန်ကြားလိုက်ပြီဖြစ်သည်။
သြစတြေးလျအစိုးရသည်လည်း ဖိုက်ဂျီကွန်ရက်သို့အဆင့်မြှင့်တင်ရာတွင် ဟွာဝေးထုတ်နည်းပညာပစ္စည်းများကိုအသုံးမပြုရန် ပိတ်ပင်ခဲ့ပြီးဖြစ်သည်။
နယူးဇီလန်၌ ကနဦးတွင် ဟွာဝေးသည် မိုဘိုင်းကွန်ရက်များတည်ထောင်ရာ၌ ပါဝင်ခဲ့သည်။ မတ်တွင် စပါ့ခ်နှင့် ဟွာဝေးသည် နယူးဇီလန်လွှတ်တော်ရှေ့ရှိ လမ်းမကြီးတစ်ခုနားတွင် ဖိုက်ဂျီစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။
တရုတ်သည် နယူးဇီလန်၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဆက်နိုင်ငံဖြစ်သောကြောင့် ယခုဆုံးဖြတ်ချက်ကြောင့် သံတမန်ရေးနှင့် စီးပွားရေးအရ သက်ရောက်မှုများရှိလာမည်ဖြစ်သည်။ နယူးဇီလန်သည် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့ပါဝင်သော မျက်လုံးငါးလုံးအမည်ရှိ လုံခြုံရေးမဟာမိတ်အဖွဲ့တွင်လည်းပါဝင်သောကြောင့် မဟာမိတ်နိုင်ငံများ၏ဆုံးဖြတ်ချက်ကို လိုက်နာရန်လိုအပ်နေသည်။ နယူးဇီလန်၏ဆုံးဖြတ်ချက်ကြောင့် တရုတ်အစိုးရအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ကန်ရှောင်ကပြောဆိုခဲ့သည်။
တရုတ်နှင့် နယူးဇီလန်တို့ကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံစလုံး အကျိုးရှိခဲ့ကြောင်း၊ နယူးဇီလန်သည် တရုတ်ကုမ္ပဏီများကို ခွဲခြားဆက်ဆံခြင်းမပြုဘဲနေလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ကန်ကပြောဆိုခဲ့သည်။
လက်ရှိအခြေအနေကိုလေ့လာနေပြီး စိုးရိမ်ပူပန်မှုများရှိမလာအောင် အတတ်နိုင်ဆုံးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဟွာဝေးကပြောဆိုခဲ့သည်။
ဖောက်သည်များအတွက် ယုံကြည်စရာကောင်းပြီး လုံခြုံသည် ရလဒ်ထွက်ပေါ်အောင် ကုမ္ပဏီက ကြိုးပမ်းနေပါကြောင်း ဟွာဝေး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နယူးဇီလန်နှင့် တရုတ်တို့သည် ၂၀ဝ၈ ခုနှစ်တွင် လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ကိုချုပ်ဆိုခဲ့သည်။ နယူးဇီလန်သည် တရုတ်နှင့် ယင်းစာချုပ်ချုပ်ဆိုခဲ့သည့် ပထမဆုံးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်။
တရုတ်သည် နယူးဇီလန်မှ ဒေါ်လာဘီလီယံချီတန်ဖိုးရှိသည့် နို့ထွက်ပစ္စည်းများကို နှစ်စဉ်ဝယ်ယူနေသည်။

















