ယီမင်နိုင်ငံတွင် ဆော်ဒီအာရေဗျ ဦးဆောင်သော မဟာမိတ်တပ်များ လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်နေခြင်းများကို အမေရိကန်က ထောက်ပံ့နေခြင်း ရပ်ဆိုင်းရန် အမေရိကန်အထက်လွှတ်တော်သည် စိုင်းပြင်းလျက်ရှိကြောင်း သိရသည်။
အမေရိကန် ထောက်ပံ့မှု ရပ်ဆိုင်းရေးအဆိုကို ရှေ့တစ်လှမ်းတိုး အတည်ပြုသင့် မသင့်ကို အထက်လွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်ရာ ထောက်ခံ ၆၃ မဲ၊ ကန့်ကွက် ၃၇ မဲဖြင့် အတည်ပြုနိုင်ခဲ့သဖြင့် ရှေ့တိုးဆောင်ရွက်သွားမည်ဖြစ်ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက်လည်း ထိုးနှက်ချက်ကြီး ဖြစ်ခဲ့သည်။
အမေရိကန် ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ပါက ယီမင် အခြေအနေ ပိုဆိုးသွားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုနှင့် ကာကွယ်ရေးဝန်ကြီး ဂျက် မတ်တစ်တို့က အထက်လွှတ်တော်အမတ်များကို ဖျောင်းဖျခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း တွေ့ရသည်။
အမေရိကန်နိုင်ငံသားဖြစ်သော ဆော်ဒီ သတင်းသမား ဂျမဲ ခါရှောဂီ သတ်ဖြတ်ခံရပြီးနောက်တွင် ယခု မဲခွဲမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ သွားရောက်စဉ် မစ္စတာ ခါရှောဂီ သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်း ဆော်ဒီအပေါ် နိုင်ငံတကာ ဖိအားကြီးမားလျက်ရှိသည်။
နိုဝင်ဘာ ၂၈ ရက်တွင် ဆော်ဒီနှင့် အနာဂတ်ဆက်ဆံရေးကိစ္စ အထက်လွှတ်တော်အမတ်များ တံခါးပိတ် အစည်းအဝေးသို့ စီအိုင်အေ ညွှန်ကြားရေးမှူး ဂီနာ ဟက်စ်ပဲ ရောက်မလာခြင်းအတွက်လည်း အထက်လွှတ်တော်အမတ်များက ပြစ်တင်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီကို အဓိက မဟာမိတ်အဖြစ် ဆက်လက်ကာကွယ်ပေးလျက်ရှိကာ၊ ဆော်ဒီကို ဆန်ရှင်မချနိုင်စေရန်လည်း ခုခံတားဆီးပေးလျက် ရှိနေသည်။

















