ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ရိုဒရီဂို ဒူတာတေး၏ မူးယစ်စစ်ဆင်ရေးကာလအတွင်း အပြစ်မဲ့ ဆယ်ကျော်သက်လူငယ် သေဆုံးခဲ့ရမှုအတွက် ကျူးလွန်သူ ရဲသုံးဦးကို ထောင်ဒဏ် နှစ် ၄၀ စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မူးယစ်စစ်ဆင်ရေးကာလအတွင်း အပြစ်မဲ့သူ အများအပြား သေဆုံးရမှုအတွက် ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ပထမဆုံး စီရင်ချက် ချမှတ်မှုဖြစ်သည်။
၂၀၁၇ ခုနှစ်က အသက် ၁၇ နှစ်အရွယ် ကီရန် ဒီလော့စ် ဆန်သို့စ်ကို ရဲများက သတ်ဖြတ်မှုဖြစ်သည်။
ကီရန် ဒီလော့စ် ဆန်သို့စ်သည် မြို့တော် မနီလာတွင် မူးယစ်ဆေးဝါးလက်ခွဲရောင်းသူဟု ရဲတပ်ဖွဲ့က ဆိုခဲ့ပြီး၊ အန္တရာယ်ပြုသောကြောင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် ပစ်သတ်လိုက်ရခြင်းဖြစ်သည်ဟု ရဲများက ကနဦးထွက်ဆိုခဲ့သော်လည်း လုံခြုံရေးကင်မရာ မှတ်တမ်းများအရ ရဲတပ်ဖွဲ့ လိမ်ညာကြောင်း ထင်ရှားခဲ့သဖြင့် ကျူးလွန်သူ သုံးဦးကို လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ် နှစ် ၄၀ စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတွင်း မူးယစ်ဆေးဝါးများ တွင်ကျယ်နေမှုကို တိုက်ဖျက်ရန် သမ္မတ ဒူတာတေးသည် ၂၀၁၆ ခုနှစ်က စတင်ကာ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးကို စတင်ခဲ့သည်။
ထိုစဉ်က စတင်ကာ မူးယစ်ဆေးဝါး ရောင်းချသူ၊ သုံးစွဲသူ ငါးထောင်နီးပါး သုတ်သင်ခံခဲ့ရသည်။ ရဲများကို လုပ်ပိုင်ခွင့် အလွန်အကျွံ ပေးအပ်မှု၊ မူးယစ်စစ်ဆင်ရေးအတွက် သတ်ဖြတ်မှုများအတွက် ရဲများကို လွတ်ငြိမ်းခွင့်ပေးမည်ဟု ကတိပြုခဲ့မှုတို့ကြောင့် လူ့အခွင့်အရေး အဖွဲ့များက သမ္မတ ဒူတာတေးကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။
"ပစ်သာပစ်၊ နောက်မှ စဉ်းစားဆိုတဲ့ သဘောထားမျိုးဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ မရှိသင့်ပါဘူး" ဟု နိုဝင်ဘာ ၂၉ ရက်က စီရင်ချက်တွင် တရားသူကြီး ရိုဒိုဖို ဇူဆန်နာက ထည့်သွင်းပြောကြားခဲ့သည်။
"ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုမျိုးဟာ ဥပဒေကို စောင့်ရှောက် အသက်သွင်းကြရတဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။ အများပြည်သူ ငြိမ်းချမ်းမှုကို လူ့အသက်တွေပေါ် အခြေခံ မတည်ဆောက်သင့်ပါဘူး" ဟု ၎င်းက ဆက်လက်ဖတ်ကြားခဲ့သည်။

















