ကနေဒါနိုင်ငံ၌ ၂၀၁၇ ခုနှစ်အတွင်း မွတ်စလင်၊ ဂျူးနှင့် လူမည်းများကိုအဓိကပစ်မှတ်ထားသည့် လူမျိုးရေးအခြေခံရာဇဝတ်မှုဖြစ်ပွားနှုန်းသည် ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကနေဒါစာရင်းအင်းဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မွတ်စလင်များကို ပစ်မှတ်ထားသည့် ရာဇဝတ်မှုပမာဏအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ အလားတူပြစ်မှုပမာဏလည်း တိုးပွားလာခဲ့ကြောင်း အက်ဖ်ဘီအိုင်၏စာရင်းအင်းများအရ သိရသည်။
ဖြစ်ပွားသည့် ပြစ်မှုပမာဏကြောင့် တုန်လှုပ်ခဲ့ရကြောင်း၊ ဖြစ်ပွားနှုန်းတိုးမှုတွင် အကြောင်းအရင်းခိုင်ခိုင်မာမာရှိနေကြောင်း ကနေဒါအမျိုးသားမွတ်စလင်ကောင်စီ၏ အမှုဆောင်ဒါရိုက်တာ အီဆန် ဂါဒီးကပြောဆိုခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများတွင် ရဲတပ်ဖွဲ့သို့ တိုင်ကြားသည့် အမှုများလည်းပါဝင်သည်။ လူမျိုးရေးအခြေခံရာဇဝတ်မှုများအနက် သုံးပုံနှစ်ပုံသည် ရဲတပ်ဖွဲ့သို့ တိုင်ကြားမှုမရှိခဲ့ကြောင်း ကနေဒါစာရင်းအင်းဌာနက ဖော်ပြခဲ့သည်။
မွတ်စလင်များကိုပစ်မှတ်ထားသည့် ရာဇဝတ်မှုသည် နှစ်ဆတိုးလာပြီး ၁၃၉ မှုမှ ၃၄၉ မှုအထိ မြင့်တက်သွားခဲ့သည်။ လူမည်းများကို ပစ်မှတ်ထားသည့် ရာဇဝတ်မှုသည် ၅၀ ရာခိုင်နှုန်းအထိမြင့်တက်ပြီး ၂၁၄ မှုမှ ၃၂၁ မှုအထိ မြင့်တက်သွားခဲ့သည်။ ထို့ပြင် ဂျူးလူမျိုးများကို ပြစ်မှုထားသည့် ရာဇဝတ်မှုသည် ၂၂၁ မှုမှ ၃၆၀ မှုအထိ မြင့်တက်သွားခဲ့သည်။
ယခုနှစ်အတွင်းတွင်လည်း မွတ်စလင်အမျိုးသားတစ်ဦး မိသားစုရှေ့တွင် ရိုက်နှက်ခံရခြင်းနှင့် ဂျူးလူမျိုးဆယ်ကျော်သက်များ လမ်းမပေါ်တွင် တိုက်ခိုက်ခံရခြင်း အစရှိသည့် ဖြစ်ရပ်များလည်းရှိခဲ့သောကြောင့် လူမျိုးရေးအခြေခံရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

















