သြစတြေးလျအစိုးရ၏ ရာသီဥတုဆိုင်ရာမူဝါဒ လုံလောက်ဖွယ်မရှိဟုဆိုကာ ကျောင်းသားများဆန္ဒပြ

သြစတြေးလျအစိုးရ၏ ရာသီဥတုဆိုင်ရာမူဝါဒ လုံလောက်ဖွယ်မရှိဟုဆိုကာ ကျောင်းသားများဆန္ဒပြ

သြစတြေးလျအစိုးရ၏ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ ကျေနပ်ခြင်းမရှိသောကြောင့် ကျောင်းသားများသည် နိုင်ငံတစ်ဝန်း၌ နိုဝင်ဘာ ၃၀ ရက်တွင် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

အစိုးရ၏ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒများသည် လုံလောက်ခြင်းမရှိသောကြောင့် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးများနှင့်ပတ်သက်၍ ပိုမိုအလေးအနက်ထားလာရေး ဖိအားပေးရန် ကျောင်းသားများသည် နိုဝင်ဘာ ၃၀ ရက်တွင် ကျောင်းမတက်ဘဲ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာသင်ချိန်အတွင်း ကျောင်းသားများ၏ဆန္ဒပြမှုသည် ပညာရေးနှင့်မဆိုင်သော လှုပ်ရှားမှုဖြစ်ပြီး ၎င်း၏အစိုးရသည် ရာသီဥတုပြောင်းလဲမှုကို ကောင်းကောင်းကိုင်တွယ်နေကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က နိုဝင်ဘာ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်၏ပြောဆိုမှုကြောင့် ဆန္ဒပြရန် ဆုံးဖြတ်ချက်ပိုမိုပြတ်သားသွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများကပြောဆိုခဲ့သည်။

ယနေ့တွင် နိုင်ငံရေးသမားများက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များ၏ ဆိုးကျိုးကိုခံစားရမည့်သူများမှာ ၎င်းတို့သာဖြစ်ကြောင်း ကျောင်းသားများကပြောဆိုခဲ့သည်။ ဆွီဒင်၌ အလားတူဆန္ဒပြခဲ့သည့် အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေး ဂရီတာ သွန်းဘေ့၏ဖြစ်ရပ်ကို အားကျပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း လှုပ်ရှားသူများကပြောဆိုခဲ့သည်။

သြစတြေးလျသည် ပါရီသဘောတူညီမှုအရ ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၆ မှ ၂၈ ရာခိုင်နှုန်းအထိ လျှော့ချရန် ဆုံးဖြတ်ထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် ငွေကြေးသုံးစွဲပြီး ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မော်ရစ်ဆင်ကပြောဆိုခဲ့သည်။

စာသင်ကျောင်းများတွင် လှုပ်ရှားမှုနည်းနည်း၊ ပညာသင်ယူမှုများများလိုချင်ကြောင်း မော်ရစ်ဆင်က နိုဝင်ဘာ ၂၆ ရက်တွင်ပြောဆိုခဲ့သည်။ သြစတြေးလျနှင့် နိုင်ငံများစွာတို့သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချမည့် လျာထားချက်များကို ပြည့်မီခြင်းမရှိကြောင်း ကုလသမဂ္ဂက ယခုအပတ်အစောပိုင်းတွင်ပြောဆိုခဲ့သည်။

သြစတြေးလျသည် ယမန်နှစ်မှစ၍ ရာသီဥတုဆိုင်ရာမူဝါဒတွင် တိုးတက်မှုရှိမလာခဲ့ကြောင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကွာဟချက်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ကျောင်းသားများသည် ပြည်နယ်များ၏မြို့တော်များနှင့် ဒေသဆိုင်ရာမြို့ ၂၀ တို့တွင် ချီတက်မှုများကိုပြုလုပ်ခဲ့သည်။