မြောက်ကိုရီးယားအတွက် သူလျှိုလုပ်ပေးမှု သံသယဖြင့် ပြင်သစ်အစိုးရဝန်ထမ်းတစ်ဦး ထိန်းသိမ်းခံထားရ

မြောက်ကိုရီးယားအတွက် သူလျှိုလုပ်ပေးမှု သံသယဖြင့် ပြင်သစ်အစိုးရဝန်ထမ်းတစ်ဦး ထိန်းသိမ်းခံထားရ

မြောက်ကိုရီးယားအတွက် သူလျှိုလုပ်ပေးမှု သံသယဖြင့် ပြင်သစ် အစိုးရဝန်ထမ်းတစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘင်ဝါ ကွန်နာဒေးသည် ပြည်ပနိုင်ငံကို သတင်းအချက်အလက် ထောက်ပံ့မှု၊ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သံသယရှိခံရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သည့် စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

မစ္စတာ ကွန်နာဒေးသည် ပြင်သစ် အထက်လွှတ်တော်၏ ဗိသုကာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဥယျာဉ်ပန်းခြံများဆိုင်ရာဌာန အကြီးတန်း အရာရှိတစ်ဦးဖြစ်သည်။ ၎င်းသည် ပြင်သစ်-ကိုရီးယား ချစ်ကြည်ရင်းနှီးရေးအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး မြောက်ကိုရီးယားနှင့်လည်း နီးစပ်မှုရှိသူဖြစ်သည်။

မြောက်ကိုရီးယား အကြောင်း စာအုပ်များလည်း ရေးသားဖူးကာ မြောက်ကိုရီးယား စီးပွားရေး - အာရှနဂါးသစ် မွေးဖွားခြင်း စာအုပ်ကို ၂၀၁၃ ခုနှစ်က နောက်ဆုံးရေးသားထားသည်။

မစ္စတာ ကွန်နာဒေးသည် ပြုံယမ်းသို့လည်း အကြိမ်ကြိမ် သွားရောက်ကာ မြောက်ကိုရီးယား ဗိသုကာနှင့် ဆောက်လုပ်ရေးကဏ္ဍ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံခဲ့သည်။ ပါရီတွင် နိုဝင်ဘာ ၂၅ က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ပြင်သစ် ထောက်လှမ်းရေးများက ၉၆ နာရီကြာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

မစ္စတာ ကွန်နာဒေးကို လွန်ခဲ့သော တစ်နှစ်ကတည်းက စောင့်ကြည့်ထောက်လှမ်းနေခဲ့ခြင်းဖြစ်ကြောင်းလည်း ပြင်သစ် မီဒီယာများက ဖော်ပြသည်။

“မစ္စတာ ကွန်နာဒေး အပြစ်ရှိကြောင်း တွေ့ရတယ်ဆိုရင်တော့ ကျုပ်တို့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ ကြီးကြီးမားမား ကျဆင်းရမယ့်ကိစ္စပဲ” ဟု ပြင်သစ် အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျရတ် လာချာက ပြောသည်။