စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေး ရုရှား-ယူကရိန်းအရေး အဓိကလွှမ်းမိုး

စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေး ရုရှား-ယူကရိန်းအရေး အဓိကလွှမ်းမိုး

ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ခေါင်းဆောင်များသည် အာဂျင်တီးနားနိုင်ငံတွင် ဂျီ-၂၀ အစည်းအဝေးအတွက် စုဝေးရောက်ရှိနေကြပြီဖြစ်ပြီး လတ်တလော ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးပဋိပက္ခအရေးတို့သည် အစည်းအဝေးကို အဓိက လွှမ်းမိုးလျက်ရှိကြောင်း သိရသည်။

ယူကရိန်း ရေတပ်လှေများကို ရုရှားက ဖမ်းဆီးထားမှုကို ကန့်ကွက်သောအားဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့သည်။

သမ္မတ ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ကုန်သွယ်ရေး တင်းမာမှု လျှော့ချရေး ဆွေးနွေးဝိုင်းထိုင်ရေး အလားအလာလည်း မှေးမှိန်လျက်ရှိပြီး ကမ္ဘာ့စီးပွားအင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲသည် ပိုပြင်းထန်လာဖွယ်ရှိနေသည်။

တူရကီတွင် ပြီးခဲ့သည့်လက ဆော်ဒီ သတင်းသမား ဂျမဲ ခါရှောဂီ သတ်ဖြတ်ခံရမှုကြောင့် နိုင်ငံတကာဖိအား ရင်ဆိုင်နေရသော ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင် ဆယ်လ်မန်အတွက်လည်း ဂျီ-၂၀ အစည်းအဝေးသည် သံတမန်ရေး စမ်းသပ်ပွဲ ဖြစ်နေသည်။

ဂျီ-၂၀ အစည်းအဝေးအတွက် အာဂျင်တီးနားမြို့တော် ဗျူနိုအေးရီးတွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး နိုဝင်ဘာ ၃၀ ကိုလည်း ဘဏ်ပိတ်ရက်အဖြစ် ကြေညာထားသောကြောင့် စီးပွားရေးရပ်ကွက်တွင်လည်း တိတ်ဆိတ်လျက်ရှိနေသည်။

ယူကရိန်းရေတပ်လှေများ နယ်ကျော်သည်ဟု ရုရှားက စွပ်စွဲကာ ယခုသီတင်းပတ်အတွင်း ယူကရိန်း ရေတပ်လှေ သုံးစင်း၊ ရေတပ်သား ၂၄ ဦးကို ဖမ်းဆီးခဲ့သည်။ ရေတပ်သားများ ပြန်မလွတ်မချင်း ရုရှားသမ္မတ ပူတင်နှင့် မတွေ့ဟု သမ္မတ ထရမ့်က ဆိုထားသည်။

ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်ကလည်း ယူကရိန်း ရေတပ်သားများ ဖမ်းဆီးခံရမှုအတွက် ရုရှားကို ပြစ်တင်ထားပြီး သမ္မတ ပူတင်နှင့် တွေ့ဆုံရာတွင် ထိုကိစ္စကို အလေးပေး ပြောကြားသွားမည်ဟု ဆိုထားသည်။