ခွင့်ပြုပမာဏထက် ကိုးဆခန့် ပိုမူးနေသည့် ဂျပန် လေယာဉ်မှူး ထောင်ဆယ်လ ကျ

ခွင့်ပြုပမာဏထက် ကိုးဆခန့် ပိုမူးနေသည့် ဂျပန် လေယာဉ်မှူး ထောင်ဆယ်လ ကျ

လန်ဒန်မြို့ ဟီသရိုးလေဆိပ်မှ တိုကျိုသို့ တာဝန်ယူ ပျံသန်းမည့် ဂျပန် လေယာဉ်မှူးသည် သွေးတွင်း အယ်လ်ကိုဟော ခွင့်ပြုပမာဏထက် ကိုးဆ ပိုများနေသဖြင့် ဖမ်းဆီးခံရကာ ထောင် ဆယ်လ ချမှတ်ခံရကြောင်း သိရသည်။

အသက် ၄၂ နှစ်အရွယ် လေယာဉ်မှူး ကတ်ဆူတိုရှီ ဂျီဆူကာဝါသည် ဂျပန်အဲလိုင်း (ဂျေအေအယ်လ်) မှဖြစ်ပြီး လေယာဉ်မှူးတစ်ယောက်အနေဖြင့် တာဝန်မဲ့လှသည်ဟု လန်ဒန် တရားသူကြီး ဖိလစ် မတ်သရူးက စီရင်ချက်တွင် ထည့်သွင်းဖတ်ကြားခဲ့သည်။

အောက်တိုဘာ ၂၈ တွင် ဂျေအေအယ်လ် လေယာဉ်သည် လန်ဒန်မြို့ ဟီသရိုးလေဆိပ်မှ တိုကျိုသို့ မပျံသန်းခင် မိနစ် ၅၀ အလို၌ မစ္စတာ ဂျီဆူကာဝါသည် သွေးတွင်း အယ်လ်ကိုဟော စစ်ဆေးမှု ခံယူရာတွင် ခွင့်ပြုပမာဏထက် ကိုးဆကျော် ပိုများနေကြောင်း တွေ့ခဲ့ရသည်။

လေယာဉ်မှူးများအတွက် သွေး ၁၀ဝ မီလီလီတာတွင် အယ်လ်ကိုဟော ၂၀ မီလီဂရမ်ထိသာ ခွင့်ပြုထားပြီး မစ္စတာ ဂျီဆူကာဝါသည် ၁၈၉ မီလီဂရမ်ထိ ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

လေဆိပ်လုံခြုံရေး တာဝန်ရှိသူများက မစ္စတာ ဂျီဆူကာဝါထံမှ အရက်နံ့ရသလို၊ မျက်လုံးများလည်း ရီဝေနေပြီး လမ်းပင် အနိုင်နိုင်လျှောက်နေရကြောင်း သက်သေခံ ထွက်ဆိုထားကြသည်။

တွဲဖက်လေယာဉ်မှူးဖြစ်သူ မစ္စတာ ဂျီဆူကာဝါသည် အောက်တိုဘာ ၂၈ လေယာဉ်မပျံသန်းခင် ညကတည်းက အမူးလွန်နေခြင်းဖြစ်ကြောင်း တရားသူကြီး ဖိလစ် မက်သရူးက ပြောသည်။ မူးနေစဉ် ပျံသန်းမိရန် ကြိုးပမ်းခဲ့မိသည်ဟု မစ္စတာ ဂျီဆူကာဝါကလည်း ဝန်ခံထားပြီး မိမိလုပ်ရပ်အတွက် အရှက်ရမိသည်ဟု ဆိုထားသည်။

အင်္ဂလန်တွင် မော်တော်ယာဉ်မောင်းများအတွက် သတ်မှတ်ချက်သည် ၈၀ မီလီဂရမ်ထက် မကျော်ရဟုလည်း သိရသည်။