ဝန်ထမ်းတိုင်း တစ်လလျှင် ခြေလှမ်း ၁၈၀ဝ၀ဝ ထက်မနည်း လမ်းလျှောက်ရန် သတ်မှတ်ထားပြီး ယင်းထက် နည်းသည့်ဝန်ထမ်းကို ဒဏ်ကြေးချမှတ်သည့် တရုတ်ကုမ္ပဏီတစ်ခုသည် ပြစ်တင်ဝေဖန်ခံနေရသည်။
အင်ဖော်မေးရှင်းတိုင်းမ်အဆိုအရ ဂွမ်ကျိုးပြည်နယ်တောင်ပိုင်းမြို့တစ်မြို့မှ အမည်မဖော်ပြလိုသည့် အိမ်ခြံမြေကုမ္ပဏီတစ်ခုက ယင်းသို့သတ်မှတ်ထားခြင်းဖြစ်ပြီး ၄င်း၏ဝန်ထမ်းများ သတ်မှတ်ခြေလှမ်းမပြည့်မီလျှင် ခြေတစ်လှမ်းအတွက် ဒဏ်ကြေး ယွမ် သုညဒသမ သုညတစ်(သုညဒသမတစ်ဆင့်)နှုန်း ပေးဆောင်ရန် စည်းကမ်း သတ်မှတ်ထားသည်ဟုဆိုသည်။
တရက်လျှင် ပျမ်းမျှခြေလှမ်း ၆၀ဝ၀ လှမ်းရမည်ဖြစ်ရာ အချိန်ပို မကြာခဏဆင်းရသည့်ဝန်ထမ်းများအဖို့ အခက်အခဲ ရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြောခဲ့သည်။ ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများ ကာယလေ့ကျင့်ခန်းလုပ်ရန် တွန်းအားပေးခြင်းဟု နားလည်သော်လည်း သတ်မှတ်ခြေလှမ်းပြည့်မီအောင် လျှောက်ရပါက အိပ်ချိန်ပင် မကျန်နိုင်ကြောင်းလည်း ပြောသည်။
ယင်းကုမ္ပဏီအနေဖြင့် ဝန်ထမ်းများ၏ခြေလှမ်းကိုခြေရာခံ၍ စွမ်းဆောင်ရည်တိုင်းတာရန် တရားဝင်အခွင့်အရေး မရှိကြောင်း ဒေသခံဥပဒေအဖွဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုခဲ့သည်။ ကုမ္ပဏီပြင်ပတွင်လမ်းလျှောက်ခြင်းသည် အချိန်ပို ဆင်းသကဲ့သို့ဖြစ်ပြီး လမ်းလျှောက်စဉ်ဒဏ်ရာရပါက အလုပ်ခွင်ထိခိုက်မှုကဲ့သို့ မှတ်ယူနိုင်ခြေ ရှိလာကြောင်းလည်း ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီကလည်း အနောက်တောင်ဘက် ချောင်ကျွင်းမှ နည်းပညာကုမ္ပဏီတစ်ခုသည် ဝန်ထမ်းများကို တစ်ရက်ခြေလှမ်း ၁၀ဝ၀ဝ လမ်းလျှောက်ခိုင်းပြီး စွမ်းဆောင်ရည်တိုင်းတာရာတွင် အချက်တစ်ချက်အဖြစ် သတ်မှတ်ခဲ့၍ ပြစ်တင်ခံခဲ့ရသည်။ ယင်းသတ်မှတ်ချက်များကို ဝေဖန်ပြစ်တင်သူ များပြားခဲ့ပြီး ထောက်ခံသူတစ်ဦးတလေကမူ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် ကျန်းမာသန်စွမ်းမှုကို ဆုလာဘ်အဖြစ်ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















