လူမှုဖူလုံရေးအဖွဲ့တွင် အာမခံပြုလုပ်ထား သော လုပ်သားတစ်ဦးအနေဖြင့် လုပ်ငန်းခွင် ထိခိုက်မှုကြောင့် သေဆုံးခဲ့ရပါက အကျိုးခံစား ခွင့်နှစ်မျိုးရရှိနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာဆွေက ပြောဆိုသည်။
မွန်ပြည်နယ် သထုံမြို့ရှိ MC Easy ရုံး တွင် နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သော အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားတွင် ဒေါ်နီလာဆွေ က ပြောဆိုခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းခွင်ထိခိုက်မှု အာမခံထားရှိသည့် လုပ်သားများအနေဖြင့် အလုပ်ရှင်၏ အလုပ် တာဝန်ခိုင်းစေခြင်းကြောင့် ထိခိုက်သေဆုံးမှု များဖြစ်လာပါက ကျန်ရစ်သူမိသားစုများ၏လူမှုဘဝအကျိုးရှိစေရန်အတွက် နာရေးစရိတ် အပြင်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေကြေးအထောက်အပံ့ရရှိမည်ဖြစ်သည်။
"လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ်ကိုထား ထားတဲ့အတွက်ကြောင့်ပေးတာ။ ဒီအာမခံစနစ် ကလည်း အလုပ်ရှင်က သူ့အလုပ်သမားအတွက် လုပ်ခလစာထဲက နှစ်ရာခိုင်နှုန်း၊ အလုပ်ရှင်က သုံးရာခိုင်နှုန်းပေးသွင်းထားတဲ့အတွက်ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ခဲ့လို့ သေဆုံးသွားတဲ့ အခါမှာ အလုပ်ရှင်ကိုယ်စား နိုင်ငံတော်ကထုတ် ပေးတာပါ။ ဒါကိုရဖို့အတွက်တော့ အလုပ်ရှင် ကနေပြီး ၂၄ နာရီအတွင်း လူမှုဖူလုံရေးအဖွဲ့ ထံကို အကြောင်းကြားပေးရမှာပါ။ ပြီးရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထား အပြည့်အစုံနဲ့ ဆက်လက်လုပ်ကိုင်ပြီးရင်တော့ အကျိုးခံစားခွင့်ကို ကျန်ရစ်သူမိသားစုကခံစား ခွင့်ရမှာပါ"ဟု ဒေါ်နီလာဆွေက ပြောဆိုသည်။
အချိန်နှင့်တစ်ပြေးညီ
အလုပ်ရှင်များအနေဖြင့် လူမှုဖူလုံရေးအာမခံ စနစ်ကို မိမိ၏အလုပ်သမားတိုင်းအတွက်ထား ရှိပေးသင့်ပြီး လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုဖြစ် ပေါ်လာပါက သက်ဆိုင်ရာလူမှုဖူလုံရေးအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီအကြောင်းကြားပေးမှသာ လုပ်သားများအတွက် အကျိုးခံစားခွင့်မြန်မြန် ဆန်ဆန်ရရှိနိုင်မည်ဖြစ်ကြောင်း ဒေါ်နီလာ ဆွေက ဆက်လက်ပြောဆိုသည်။















