အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်မှ အကြီးဆုံးမြို့ အန်းကာရေ့ဂျ် မြောက်ဘက် ၁၀ မိုင်အကွာမြေအောက် ၂၁ မိုင်ကိုဗဟိုပြု၍ နိုဝင်ဘာ ၃၀ ရက်နံနက် ၈ နာရီခွဲခန့်က ပြင်းအား ၇ အဆင့်ရှိငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းသတိပေးချက်ပါ ထုတ်ပြန်ခဲ့ရသည်။
နောက်ဆက်တွဲအဖြစ် မိနစ်အနည်းငယ်အကြာတွင် ငလျင်ငယ် ၄၀ ခန့် ထပ်မံလှုပ်ခတ်ခဲ့ပြီး အများဆုံးပြင်းအား ၅ ဒသမ ၇ အဆင့်အထိ ရှိခဲ့သည်။
ငလျင်ကြောင့် လမ်းမကြီးများအက်ကွဲပြီး အိမ်များပြိုကျခြင်း၊ အဆောက်အအုံများ ပြတင်းမှန်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး လူသူသေဆုံးမှုနှင့် အပြင်းအထန် ထိခိုက်သည့်သတင်းမူ မရရှိသေးချေ။
အန်းကာရေ့ဂျ်မြို့တွင် လူဦးရေ သုံးသိန်းဝန်းကျင်နေထိုင်ကြပြီး ပတ်ဝန်းကျင်ဧရိယာများတွင် လူတစ်သိန်းခန့် နေထိုင်ကြသည်။
ယင်းငလျင်လှုပ်ခတ်မှုကို မိုင်ထောင်ချီအဝေးရှိ ဘော့စတွန်မြို့ကပါ တိုင်းထွာသိရှိခဲ့သည်။ ကွတ်ခ်ချောင်းစွယ်နှင့် တောင်ပိုင်းကန်းနိုင်းကျွန်းဆွယ်ဒေသများတွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီးမှ ပြန်လည်ပယ်ဖျက်ခဲ့သည်။
အလာစကာအုပ်ချုပ်ရေးမှူး ဘီလ်ဝေါလ်ကာက အလာစကာကို သဘာဝဘေးဒဏ်သင့်ဒေသအဖြစ် ကြေညာခဲ့သည်။ ကြိုးဖုန်းလိုင်းများပျက်စီးကုန်၍ လူမှုကွန်ရက်နှင့် ဖုန်းစာတိုစနစ်များအသုံးပြုဆက်သွယ်ကြရန် အာဏာပိုင်များက နှိုးဆော်ထားသည်။
လူ ၁၀ဝ၀ဝ ဝန်းကျင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း လတ်တလော သတင်းရရှိခဲ့သည်။
အမေရိကန်သမိုင်းတွင် အပြင်းထန်ဆုံးငလျင်မှာ အန်းကာရေ့ဂျ်၌ပင် ၁၉၆၄ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပြင်းအား ၉ ဒသမ ၂ အဆင့်ရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယအပြင်းဆုံးဖြစ်ဖွယ်ရှိခဲ့သည့် ငလျင်ကြောင့် ပျက်စီးမှု များပြားကာ လူ ၁၃၀ ခန့်သေဆုံးခဲ့သည်။
အလာစကာသည် ကမ္ဘာ့မီးလျှံစက်ဝန်း ဒေသတွင်တည်ရှိ၍ ယင်းပြည်နယ်တွင် တစ်နှစ်ငလျင်လှုပ်မှုသည် အခြားပြည်နယ် ၄၉ ခုတွင်လှုပ်ခတ်သည့် ငလျင်အရေအတွက်ထက် ပိုမိုများပြားသည်။

















