၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဝက်သက်ဖြစ်ပွားမှုနှုန်းမြင့်မားခဲ့ပြီး နိုင်ငံတချို့တွင် ဖြစ်ပွားနှုန်း အလွန်အမင်းမြင့်မားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုဝင်ဘာ ၃၀ ရက်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း ဝက်သက်ဖြစ်ပွားနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂၀၁၆ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဝက်သက်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ သတိမမူခြင်း၊ ကျန်းမာရေးစနစ်ယိုယွင်းပျက်စီးနေခြင်းနှင့် ကာကွယ်ဆေးနှင့်ပတ်သက်၍ သတင်းတုများဖြန့်ချိမှုများကြောင့် ယခုကဲ့သို့ ဖြစ်ပွားနှုန်းမြင့်မားလာရခြင်းဖြစ်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများကပြောဆိုခဲ့သည်။
ဝက်သက်သည် ကူးစက်နှုန်းမြင့်မားသော ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါက မျက်လုံးကွယ်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းတို့ဖြစ်ပွားတတ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ရောဂါထိန်းချုပ်ရေးနှင့်တားဆီးရေးဗဟိုဌာနတို့သည် လွန်ခဲ့သော ၁၇ နှစ်အတွင်း ဝက်သက်ဖြစ်ပွားနှုန်းကို လေ့လာခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်း ဝက်သက်ရောဂါနှင့်ဆက်စပ်ပြီး လူ ၁၁၀ဝ၀ဝ ခန့်သေဆုံးခဲ့ကြောင်း ကျွမ်းကျင်သူများကပြောဆိုခဲ့သည်။
ယခုနှစ်နွေရာသီတွင်လည်း ဥရောပတွင် ဝက်သက်ဖြစ်ပွားနှုန်းမြင့်မားခဲ့သည်။
အမေရိကန်ဒေသများ၊ ဥရောပနှင့် မြေထဲပင်လယ်အရှေ့ဘက်ဒေသများတွင် ဝက်သက်ဖြစ်ပွားနှုန်းမြင့်မားခဲ့သည်။ အနောက်ပစိဖိတ်ဒေသတွင်သာ ဝက်သက်ဖြစ်ပွားနှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးစနစ်ပြိုလဲနေပြီး နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းကြုံနေရသည့် ဗင်နီဇွဲလား၌လည်း ဝက်သက်ဖြစ်ပွားနှုန်းမြင့်မားခဲ့သည်။
ဝက်သက်ရောဂါအမြစ်ပြတ်ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည့် ဗြိတိန်၌လည်း ၂၀၁၈ ခုနှစ်တွင် ဝက်သက်ရောဂါဖြစ်ပွားသူအနည်းငယ်ရှိခဲ့သည်။
၂၀ဝ၀ ပြည့်နှစ်မှစ၍ ကလေးငယ်များအား ဝက်သက်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုကြောင့် အသက်ပေါင်း ၂၁ သန်းကျော်ကို ကယ်တင်နိုင်ခဲ့သည်။
ဝက်သက်ကာကွယ်ဆေးထိုးနှံရေးကို အားကြိုးမာန်တက်လုပ်ဆောင်ခြင်းမရှိသလို ကာကွယ်ဆေးထိုးနှံရခြင်းမရှိသေးသည့် ကလေးငယ်ဦးရေကို သိရှိအောင် မလုပ်ဆောင်ခဲ့ပါက ဝက်သက်ရောဂါအမြစ်ပြတ်ရေး ဆယ်စုနှစ်ပေါင်းများစွာကြိုးပမ်းခဲ့သည့် ရလဒ်များ အလဟဿဖြစ်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ ဆိုမြာဆွာမီနေသန်က ပြောဆိုခဲ့သည်။

















