ရီပတ်ဘလီကန်ပါတီဝင် အမေရိကန်သမ္မတဟောင်း ဂျော့်ချ် ဟားဘတ်ဝေါ်လ်ကာဘုရှ်သည် နိုဝင်ဘာ ၃၀ ရက်၌ ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်ပြီး ဂျော့ချ်ဘုရှ်(စီနီယာ)ဟူ လူသိများသည့် ဂျော့ချ် အိပ်ချ်ဒဗလျူဘုရှ်သည် ဒုတိယကမ္ဘာစစ်ပြန်သူရဲကောင်း တစ်ဦးဖြစ်ခဲ့ကာ စစ်ပြီးချိန်တွင် ရေနံလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာသည်။
၁၉၆၄ ခုနှစ်တွင် ရီပတ်ဘလီကန်တစ်ဦးအဖြစ် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
၄င်းသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်တာဝန်များ ထမ်းဆောင်ခဲ့ကာ ၁၉၇၆ ခုနှစ် သမ္မတ ဂျရယ်ဖို့ဒ်လက်ထက်တွင် ဗဟိုထောက်လှမ်းရေး(စီအိုင်အေ)အကြီးအကဲ ဖြစ်လာသည်။
ယင်းနောက် ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ်သည် သမ္မတရော်နယ်ရီဂင်လက်ထက်တွင် ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းခဲ့သည်။
စစ်ရေးတိုက်ပွဲ၏နောက်ဆုံးရက်များဖြစ်သည့် ဆိုဗီယက်ယူနီယံပြိုကွဲချိန် ၁၉၈၉ ခုနှစ်တွင် ၄၁ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
၁၉၉၁ ခုနှစ်က ကူဝိတ်ကျူးကျော်သည့် အီရတ်နိုင်ငံအား မဟာမိတ်များကို ဦးဆောင်တိုက်ခိုက်၍ အောင်မြင်မှုရရှိခဲ့သော်လည်း စီးပွားရေးအားနည်းမှုကြောင့် သမ္မတသက်တမ်းတစ်ဆက်သာ တာဝန်ထမ်းခွင့်ရခဲ့သည်။
၄င်းသည် လူကြိုက်များမှု ၉၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ပြည်တွင်းရေးကိုလျစ်လျူရှုထားသည်ဟု ရှုမြင်ခံခဲ့ရခြင်းကြောင့် ၁၉၉၃ ခုနှစ်တွင်မူ သမ္မတအဖြစ် ဆက်လက် အရွေးချယ်ခံရခြင်းမရှိဘဲ ဘီလ်ကလင်တန်ကို အရေးနိမ့်ခဲ့သည်။
၄င်းတွင် သားသမီးခြောက်ဦးရှိပြီး ၄င်း၏သားတစ်ဦးဖြစ်သူ ဂျော့ချ်ဒဗလျူဘုရှ်သည် ၂၀ဝ၁ ခုနှစ်၌ သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရကာ ၂၀ဝ၉ ခုနှစ်အထိ သက်တမ်းနှစ်ဆက် တာဝန်ထမ်းခွင့်ရခဲ့သည်။ အခြားသားတစ်ဦးမှာလည်း အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်လာသည်။ ၄င်း၏ဇနီး လော်ရာဘုရှ်သည် ဧပြီလတွင် ကွယ်လွန်ခဲ့ပြီးဖြစ်သည်။

















