အခွန်နှင့် လူနေမှုစရိတ်တိုးမြင့်လာခြင်းကို မကျေနပ်သည့် ဆန္ဒပြသူများနှင့် ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ဆုံ

အခွန်နှင့် လူနေမှုစရိတ်တိုးမြင့်လာခြင်းကို မကျေနပ်သည့် ဆန္ဒပြသူများနှင့် ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ဆုံ

ဘယ်ဂျီယံနိုင်ငံ၌ အခွန်နှင့် လူနေမှုကုန်ကျစရိတ်တိုးမြင့်လာခြင်းကို မကျေနပ်သည့်အတွက် ချီတက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား နိုဝင်ဘာ ၃၀ ရက်တွင် ထိပ်တိုက်ဆုံမှုရှိခဲ့သည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊မီးသတ်ပိုက်များသုံးပြီး လူစုခွဲခဲ့ကာ ဆန္ဒပြသူများကလည်း ကျောက်ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့သည်။ 
ဘရပ်ဆဲရှိ အစိုးရဆိုင်ရာအဆောက်အအုံများ တစ်ဝိုက်တွင်လည်း ရဲတပ်ဖွဲ့ဝင်အင်အားထူထပ်စွာချထားကာ ဆန္ဒပြသူများမဝင်ရောက်နိုင်ရန် တားဆီးခဲ့သည်။
    ထိပ်တိုက်ဆုံမှုတွင် ဆန္ဒပြသူ ၃၀ဝ ကျော်ပါဝင်ခဲ့ကြောင်း ဘရပ်ဆဲမြို့ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ အီဇေ ဖန် ဒီကရေကပြောဆိုခဲ့သည်။ 
ဆန္ဒပြသူများက ရဲတပ်ဖွဲ့သုံးယာဉ်နှစ်စင်းကို တိုက်ခိုက်ပြီး တစ်စီးကို ပြောင်းပြန်လှန်ခဲ့ကာ ကျန်တစ်စီးကို မီးတင်ရှို့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးခဲ့ခြင်းဖြစ်သည်။ 
လမ်းပြအမှတ်အသားများကို ဖြုတ်ယူဖျက်ဆီးခံခဲ့ရပြီး မီးပွိုင့်များလည်း ဖျက်ဆီးခံခဲ့ရသည်။
    ဆန္ဒပြသူတချို့သည် ကျွန်တော်ကျွန်မတို့သည် ပြည်သူများဖြစ်သည် ဟု ကြွေးကြော်ခဲ့ကြပြီး ရဲတပ်ဖွဲ့ ရှက်ဖွယ်ဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။ 
    လူတစ်ဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ဒုတိယတစ်ဦးကို ထိခိုက်ပျက်စီးစေမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဘရပ်ဆဲဥပဒေအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။ 
မြို့တော် လုံခြုံရေးနှင့် လွတ်လပ်မှုတို့ကိုကာကွယ်စောင့်ရှောက်သည့် ဥပဒေစိုးမိုးရေးအင်အားစုများကို ထောက်ခံပြီး ဘရပ်ဆဲ၌ အကြမ်းဖက်မှု မည်သည့်ဖြစ်ရပ်ကိုမဆို သည်းခံမည်မဟုတ်ကြောင်း ဘယ်ဂျီယံဝန်ကြီးချုပ် ရှားစ်မီရှဲကပြောဆိုခဲ့သည်။