ကင်ဂျုံအွန်နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ထရမ့်အာမခံဟု သမ္မတမွန်း ပြော

ကင်ဂျုံအွန်နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ထရမ့်အာမခံဟု သမ္မတမွန်း ပြော

အာဂျင်တီးနားနိုင်ငံတွင် ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ တွေ့ဆုံပွဲ၏ဘေးဆွယ်စည်းဝေးမှုအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့စဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဒုတိယအကြိမ် တွေ့ဆုံရန် ထရမ့်က အာမခံခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောဆိုခဲ့သည်။

ဆိုးလ်မြို့ရှိအိမ်ပြာတော်ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၃၀ ရက်က သမ္မတထရမ့်နှင့် သမ္မတမွန်းတို့တွေ့ဆုံစဉ် မကြာမီနှစ်ဆန်းတွင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန်ဆန္ဒရှိပြီး မွန်းနှင့်ကင်တို့ စတုတ္ထအကြိမ်တွေ့ဆုံရန် ဆိုးလ်သို့ ကင် လာရောက်မည်ဆိုခြင်းကလည်း ကိုရီးယားကျွန်းဆွယ်တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုလိမ့်မည်ဟု ထရမ့်က ပြောဆိုခဲ့ကြောင်း သိရသည်။
    ဂျီ ၂၀ ထိပ်သီးစည်းဝေးပွဲတွင် သမ္မတထရမ့်သည် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ် အပါအဝင် အခြား ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း ညစာအတူသုံးဆောင်မည်ဖြစ်သည်။ 
သို့သော် ယူကရိန်းနှင့် ရေတပ်ပဋိပက္ခဖြစ်ပွားမှုကြောင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် သီးသန့်တွေ့ဆုံမည့်အစီအစဉ်ကိုမူ ထရမ့်က ဖျက်သိမ်းထားသည်။
    ထိပ်သီးစည်းဝေးပွဲတွင် သမ္မတပူတင်နှင့် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆာလမန်တို့ ရင်းနှီးစွာတွေ့ဆုံခဲ့ပုံမှာ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ 
သတင်းသမားခါရှောဂီ သတ်ဖြတ်မှုဖြင့် ဆော်ဒီအာဏာပိုင်များသည် နိုင်ငံတကာ၏ ပြစ်တင် ဖိအားပေးခြင်းခံနေရချိန်ဖြစ်ပြီး သမ္မတထရမ့်သည် ဘင်ဆာလမန်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောဆိုထားသည်။
    ထိပ်သီးစည်းဝေးပွဲ၏အိမ်ရှင် အာဂျင်တီးနားသမ္မတ မော်ရီချီယို မာချရီက ငြင်းခုန်မှုများနှင့် သဘောမတူညီများစွာတို့ အတွက် အဖြေရှာရန် စားပွဲဝိုင်းတွင် အကြိမ်ကြိမ်အဖန်ဖန် တွေ့ဆုံညှိနှိုင်းရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။