အိန္ဒိယ၌ ပြည်တွင်းဖြစ် မက်ဆေ့ဂျ်ပေးပို့နိုင်ပြီး ဓာတ်ပုံတင်နိုင်သည့် လူမှုကွန်ရက်ဖြစ်သည့် ShareChat အိန္ဒိယဘာသာစကား ၁၄ မျိုးဖြင့် သုံးစွဲသူ သန်း ၃၀ ကျော်ရှိနေပြီဖြစ်သည်။
ShareChat တွင် အချစ်အကြောင်းနှင့် အသည်းကွဲရသည့် အကြောင်းများကို အဓိကရေးသားဖော်ပြမှုများရှိနေသောကြောင့် တစ်နိုင်ငံလုံး အသည်းကွဲနေသည်ဟု ထင်မှတ်မိကြောင်း ShareChat ကိုတည်ထောင်သူများအနက် တစ်ဦးဖြစ်သည့် ဖာရစ် အာဆန်းကပြောဆိုခဲ့သည်။
ဘင်ဂလောအခြေစိုက် ShareChat ကိုအင်ဂျင်နီယာကျောင်းသားသုံးဦးက ၂၀၁၅ ခုနှစ်တွင် စတင်ဖန်တီးခဲ့ခြင်းဖြစ်သည်။
ShareChat ကို အသက် ၁၈ မှ ၂၅ နှစ်ကြား လူငယ်အများစုက အသုံးပြုနေသည်။ ShareChat အသုံးပြုသူဦးရေသည် လွန်ခဲ့သော လေးလအတွင်း နှစ်ဆတိုးလာခဲ့သည်။
လာမည့် ၁၂ လအတွင်း အသုံးပြုသူ သန်း ၁၀ဝ ရှိလာရေးကြိုးပမ်းနေကြောင်း တည်ထောင်သူများကပြောဆိုခဲ့သည်။
သန်း ၁၀ဝ သည် အိန္ဒိယရှိ ဝှက်စ်အပ်အသုံးပြုသူဦးရေ၏ ထက်ဝက်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုဦးရေ၏ သုံးပုံတစ်ပုံသာရှိနေသည်။
ShareChat လူကြိုက်များခံလာရသောကြောင့် ရင်းနှီးမြှုပ်နှံသူများလည်းရှိလာခဲ့သည်။ လူမှုကွန်ရက်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာမှ ယခုအချိန်အတွင်း ထည့်ဝင်ငွေ ဒေါ်လာ ၁၂၄ သန်းကိုရရှိခဲ့ပြီးဖြစ်သည်။
ShareChat သည် အိန္ဒိယဈေးကွက်တွင် အပြောင်းအလဲဖော်ဆောင်နိုင်ခဲ့သည့် အပလီကေးရှင်းဖြစ်ပြီး အလားအလာလည်းကောင်းနေကြောင်း ShareChat တွင် ရင်းနှီးမြှုပ်နှံထားသည့် ရှောင်မီကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မာနုဂျိန်းကပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် အင်ဂျင်နီယာကျောင်းသားသုံးဦးသည် အင်္ဂလိပ်ဘာသာစကားအပါအဝင် ဘာသာစကား ၁၀ မျိုးဖြင့် အသုံးပြုနိုင်သည့် မက်ဆေ့ဂျ်ပေးပို့နိုင်သော ShareChat ပထမဆုံးပုံစံကို ဖြန့်ချိခဲ့သည်။
သို့သော် အင်္ဂလိပ်ဘာသာဖြင့် အသုံးပြုသူဦးရေနည်းပါးလွန်းသောကြောင့် အင်္ဂလိပ်ဘာသာစကားကို ဖယ်ထုတ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် အသစ်ဖန်တီးထားသော ShareChat ကို ပြန်လည်ဖြန့်ချိခဲ့သည်။
အိန္ဒိယ၌ အွန်လိုင်းပထမဆုံးအသုံးပြုသူ သန်း ၅၀ဝ ရှိနေသည်။ အိန္ဒိယ၌ စမတ်ဖုန်းအသုံးပြုသူ သန်း ၄၀ဝ ရှိနေပြီး မြို့ငယ်များနှင့် ကျေးရွာများ၌လည်း စမတ်ဖုန်းဝယ်ယူသူဦးရေတိုးပွားလာနေပြီဖြစ်သည်။ အင်တာနက်အသုံးပြုခများလည်း ကျဆင်းလာခဲ့သည်။
၂၀၂၁ ခုနှစ်ရောက်ရှိချိန်တွင် အိန္ဒိယရှိ အင်တာနက်အသုံးပြုသူ ၁၀ ဦးအနက် ကိုးဦးသည် ဒေသခံဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြေရှိနေကြောင်း ဂူဂဲလ်နှင့် ကေပီအမ်ဂျီတို့၏လေ့လာမှုတွင်ဖော်ပြထားသည်။
အိန္ဒိယ၌ ယခုလောလောဆယ်တွင် အွန်လိုင်း၌ အင်္ဂလိပ်စကားအသုံးပြုသူ ၁၇၅ သန်းရှိနေသည်။

















