သက်တမ်းကြာမြင့်နေသည့် ယာဉ်များကို မက်ဒရစ်မြို့လယ် ဝင်ရောက်ခွင့်ပိတ်ပင်

သက်တမ်းကြာမြင့်နေသည့် ယာဉ်များကို မက်ဒရစ်မြို့လယ် ဝင်ရောက်ခွင့်ပိတ်ပင်

စပိန်အစိုးရသည် လေထုညစ်ညမ်းမှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချလိုသောကြောင့်  မြို့တော် မက်ဒရစ်၏ မြို့လယ်နေရာသို့ သက်တမ်းကြာမြင့်နေသည့် ယာဉ်အိုယာဉ်ဟောင်းများကို ဝင်ရောက်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်သည်။

သက်တမ်းကြာမြင့်နေသည့် ယာဉ်များဖြင့် ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်ပါက ယူရို ၉၀ ( ပေါင် ၈၀ ) အထိ ဒဏ်ငွေရိုက်ခံရမည်ဖြစ်သည်။ ဆူညံသံကိုလျှော့ချပြီး မြို့တွင်း စက်ဘီးပိုမိုစီးနင်းလာရေးအတွက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
    နိုဝင်ဘာ ၃၀ ရက်တွင် စတင်ခဲ့သည့် အစီအစဉ်ကြောင့် မြို့လယ်နေရာသို့ ဝင်ရောက်နေသည့် ယာဉ် ၂၀ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း မက်ဒရစ်မြို့ကောင်စီကခန့်မှန်းထားသည်။

စပိန်အာဏာပိုင်များသည် စက်ဘီးပိုမိုစီးနင်းလာရေးနှင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်တို့ကို ပိုမိုအသုံးပြုလာရေးတို့အတွက် မြို့လယ်နေရာသို့ သက်တမ်းကြာမြင့်နေသည့် ယာဉ်များကို မဝင်ရန် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
    သဘာဝပတ်ဝန်းကျင်မထိခိုက်ဟု တံဆိပ်ကပ်ခံထားရသည့် ဟိုက်ဘရစ်ယာဉ်များသည် မြို့လယ်သို့ လွတ်လပ်စွာဝင်ရောက်ခွင့်ရပြီး သတ်မှတ်ထားသည့် ယာဉ်ရပ်နားကွင်းများတွင် ရပ်နားခွင့်ရမည်ဖြစ်သည်။  သို့သော် ၂၀ဝ၆ ခုနှစ် မတိုင်မီတွင် ထုတ်လုပ်ထားသည့် ဒီဇယ်ယာဉ်များနှင့် ၂၀ဝ၀ ပြည့်နှစ်မတိုင်မီတွင် ထုတ်လုပ်ထားသည့် ဓာတ်ဆီယာဉ်များသည် ကြိုတင်စာရင်းပေးမှသာ မြို့လယ်နေရာသို့ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။
    ထိန်းချုပ်နယ်မြေတွင်း နေထိုင်သူများမှာမူ စာရင်းပေးပြီးနောက် မြို့လယ်နေရာတွင် လွတ်လပ်စွာမောင်းနှင်ခွင့်ရမည်ဖြစ်သော်လည်း ၎င်းတို့နေထိုင်သည့် လမ်းတွင်သာ ရပ်နားခွင့်ရမည်ဖြစ်သည်။

ယာဉ်အိုယာဉ်ဟောင်းများနှင့် ဒီဇယ်အင်ဂျင်များမှ ထုတ်လွှတ်သော ညစ်ညမ်းမှုန်များကြောင့် ကျန်းမာရေးထိခိုက်မှုများရှိသဖြင့် စိုးရိမ်မှုများရှိနေသည်။
    ကမ္ဘာတစ်ဝန်း ပြင်ပလေထုညစ်ညမ်းမှုကြောင့် သေဆုံးသူသန်းပေါင်းများစွာရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောဆိုခဲ့သည်။ 
ဒီဇယ်အင်ဂျင်များသည် ပါတီကူလိတ်မက်တာ( ပီအမ်) ခေါ် အမှုန်များနှင့် နိုက်ထရိုဂျင်အောက်ဇီဒိုက်တို့ကို ထုတ်လွှတ်နေသည်။ 
ပီအမ်သည် အဆုတ်ထဲသို့ဝင်ရောက်နိုင်ပြီး နှလုံးဆိုင်ရာရောဂါများဖြစ်ပွားစေနိုင်သည်။
    ပါရီ၊ မက္ကဆီကိုစီးတီးနှင့် အေသင်တို့သည် ၂၀၂၅ ခုနှစ် ရောက်ရှိချိန်တွင် မြို့လယ်နေရာသို့ ဒီဇယ်မော်တော်ယာဉ်များဝင်ရောက်ခွင့်ကို ပိတ်ပင်ပြီးဖြစ်နေရန် စီစဉ်ထားသည်။