ဘိန်းဖြူဆပ်ပြာခွက်များ၊သိန်းချီသော စိတ်ကြွဆေးပြားများနှင့်အတူ ရောင်းချသူနှစ်ဦး အဖမ်းခံရ

ဘိန်းဖြူဆပ်ပြာခွက်များ၊သိန်းချီသော စိတ်ကြွဆေးပြားများနှင့်အတူ ရောင်းချသူနှစ်ဦး အဖမ်းခံရ

ဖားကန့်မြို့နယ်တွင် ဘိန်းဖြူဆပ်ပြာခွက်များ၊သိန်းချီသော စိတ်ကြွဆေးပြားများနှင့်အတူ ရောင်းချသူ နှစ်ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးအရေးယူခဲ့သည်။ 

အဆိုပါနေ့ ည ၈ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၁/၂၃၉)နေ ဝင်းခိုင်(၄၁ နှစ်) ၏ နေအိမ်ကို သက်ဆိုင်ရာက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။ 
ထိုသို့ရှာဖွေစဉ် ၄င်း၏ လက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ပြား သိမ်းဆည်းရမိခဲ့သည်။ 
ကွင်းဆက်အရ ည၉ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်းခိုင်ထံမှ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ရောင်းချပေးသူ အားဆန်း(ခ)စိန်ဝင်း ရောက်ရှိလာသဖြင့် ရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ ဆပ်ပြာခွက် ၁၈ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် သုည ဒသမ ၁၈ ကီလို သိမ်းဆည်းခဲ့သည်။ 
ထို့ပြင် အားဆန်း(ခ)စိန်ဝင်း၏ နေအိမ်အတွင်းမှ ဆပ်ပြာခွက် ၃၉၇ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃ ဒသမ ၉၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀,ဝ၀ဝ ပြားနှင့် ဘိန်းဆီခဲ ၁၁ ဒသမ ၂ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးကို မူးယစ်ဥပဒေပုဒ်များဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။