ဆိုင်ကယ်ချင်းချိတ်မိသည့်ပုံစံ ဟန်ဆောင်၍ စီးလာသူနှစ်ဦးကိုရိုက်နှက်ကာ ဆိုင်ကယ်ကို လုယူ

ဆိုင်ကယ်ချင်းချိတ်မိသည့်ပုံစံ ဟန်ဆောင်၍ စီးလာသူနှစ်ဦးကိုရိုက်နှက်ကာ ဆိုင်ကယ်ကို လုယူ

ကျောက်ဆည်မြို့နယ်တွင် ဆိုင်ကယ်ချင်းချိတ်မိသည့်ပုံစံ ဟန်ဆောင်၍ စီးလာသူနှစ်ဦးကိုဝိုင်းဝန်းရိုက်နှက်ပြီး ဆိုင်ကယ်လုယူခဲ့သူများအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း ကျောက်ဆည် မြို့မရဲစခန်းမှ သိရသည်။ 

ကျောက်ဆည်မြို့ မြို့ဦးရပ်ကွက်နေ ဇေမင်းထွန်းနှင့် သူငယ်ချင်း ချစ်မင်းတို့ နှစ်ဦးသည် နိုဝင်ဘာ ၂၉ ရက် ည ၁၁ နာရီခွဲခန့်တွင် ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်မှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာခဲ့သည်။ 
ထိုသို့ပြန်လာစဉ် လျှပ်စစ်ထရန်စဖော်မာအနီးအရောက် နောက်မှ အောင်မြင့်ထွန်း(ခ)အငယ်ကောင် (၁၉)နှစ်ပါ သုံး ဦးတို့ အရှိန်ဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ချိတ်မိလဲကျခဲ့သည်။ 
ထိုသို့လဲကျစဉ် ဇေမင်းထွန်းပါ နှစ်ဦးက ဆွဲထူပေးနေစဉ် ဝေလင်းဦး (ခ)ဝေကြီး(၂၁)နှစ်က ဆိုင်ကယ်တစ် စီးဖြင့်ထပ်မံရောက်ရှိလာခဲ့ပြီး ၄င်းတို့ နှစ်ဦးကိုဝိုင်းဝန်းရိုက်နှက်ခဲ့ကာ ဇေမင်းထွန်း၏ ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိ Scoopyi ဆိုင်ကယ်နှင့် ဖုန်းတစ်လုံးတို့ကို လုယူသွားခဲ့သည်။ 
အောင်မြင့်ထွန်း(ခ)အငယ်ကောင်ပါလေးဦးတို့ ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးတွင် နောက်စေ့၊ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ထို့ကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့ရာ ကျောက်ဆည်မြို့မ ရဲစခန်းက (ပ) ၉၇၀/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့်ပြီး ကျူးလွန်သူတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။