တည်းခိုခန်းအတွင်း မူးယစ်ဆေးသုံးစွဲနေသူ သုံးဦးကို ဖမ်းဆီး

တည်းခိုခန်းအတွင်း မူးယစ်ဆေးသုံးစွဲနေသူ သုံးဦးကို ဖမ်းဆီး

မိတ္ထီလာမြို့နယ်ရှိ တည်းခိုခန်းတစ်ခုအတွင်း မူယစ်ဆေးဝါးသုံးစွဲနေသူသုံးဦးကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရောင်းချသူတစ်ဦးကို ကွင်းဆက်အနေဖြင့် ဆက်လက်ဖမ်းဆီးအရေးယူခဲ့သည်။ 

မိတ္ထီလာမြို့ဇောင်ချမ်းကုန်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ သူများတည်းခိုနေထိုင်ကြောင်း သတင်းအရ မိတ္ထီလာ အမှတ်-၂ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဝင်ရောက်ရှာဖွေခဲ့သည်။ 
အဆိုပါ တည်းခိုခန်းတွင် တည်းခိုနေထိုင်သူ မိတ္ထီလာမြို့ဝန်ဇင်းရပ်ကွက်နေ မျိုးဝင်းစိုး ၂၅ နှစ်၊ အောင်ဇင်မျိုးသိန်း ၃၃ နှစ် နှင့် ဝေယံဖြိုး ၂၃ နှစ် တို့ သုံးဦးကို တွေ့ရှိခဲ့သည်။ 
မျိုးဝင်းစိုးဝတ်ဆင်ထားသည့် အင်္ကျီဝဲဘက်အိတ်ကပ်အတွင်း အအေးစုပ်ပိုက်ဖြင့်ထည့်လျက် 88/1 စာတန်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား၊ ၎င်းတို့ ထိုင်နေသည့် ကြမ်းပြင်ပေါ်ရှိ လွယ်အိတ်အတွင်းမှ ငွေစက္ကူများ၊ အအေးစုပ်ပိုက်ဖြင့်ထည့်လျက် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားစီပါ သုံးချောင်း၊ စုစုပေါင်းဆေးပြား ၃၅ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း ငါး လုံး၊ ဆိုင်ကယ် သုံးစီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
ထို့ပြင် မျိုးဝင်းစိုးကို ဆက်လက်စစ်ဆေးရာ ၎င်း၏နေအိမ် အိပ်ခန်းအတွင်း ခုတင်ပေါ်တွင် တင်ထားသည့် သံဘူးအဝိုင်းအတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၃၀ ပြားကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

အဆိုပါဈေးပြားများကို မိတ္ထီလာမြို့ပြည်သာယာ(မ)ရပ်ကွက်နေ ဂျူးကောက်(ခ)အောင်အောင် ၃၄ နှစ် နေသူထံမှ ဝယ်ယူခဲ့ကြောင်း သိရသဖြင့် ဂျူးကောက်(ခ)အောင်အောင် နေအိမ်ကို ဆက် လက် ရှာဖွေရာ ၎င်းအိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ပလပ်စတစ်အပိုင်းအစဖြင့် ပတ်ထား သော 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၄ ပြား၊ အိပ်ခန်းအတွင်းမှ မူးယစ်ဆေး ဝါး ရောင်းရငွေ များ၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် နေအိမ်အပြင်မှ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းခဲ့သည်။