ဒေါပုံမြို့နယ်အတွင်းရှိ ရွှေဆိုင်တစ်ခုမှ ကျပ် ခြောက်သိန်းကျော်တန် ရွှေဆွဲကြိုးကို လုယူထွက်ပြေးသူ အငှားယာဉ်မောင်းကို သက်ဆိုင်ရာက အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တာမွေမြို့နယ်၊ ကျောက်မြောင်း ရပ်ကွက်၊အင်းဝလမ်းနေအမျိုးသမီးတစ်ဦးသည် ၎င်းဖွင့်လှစ်ထားသည့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းနှင့်တေဇလမ်းထောင့်ရှိ ရွှေဆိုင်၌ တစ်ဦးတည်းရှိနေစဉ် ယာဉ်အမှတ်(မမှတ်မိ)၊ CALDINA အဖြူရောင် အငှားယာဉ်တစ်စီးဖြင့် အမည်မသိ အမျိုသားတစ်ဦးရောက်ရှိလာခဲ့သည်။
ထို့နောက် ရွှေဆွဲကြိုး ဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် အမျိုးသမီးက ကောင်တာမှန်ပုံးအတွင်းမှ ကျပ် ၆၁၀ဝ၀ဝ တန်ဖိုးရှိ အလေးချိန် ၉ ပဲသားရှိ သဇင်မြိုင် အကျဲပုံ ရွှေဆွဲကြိုးတစ်ကုံးကို ကောင်တာအတွင်းမှ ထုတ်ပြခဲ့သည်။
အဆိုပါ အမျိုးသားက ၄င်းတွင် ကျပ် ၅၅၀ဝ၀ဝခန့်သာ ပါရှိသဖြင့် ငွေမလုံလောက်သောကြောင့် သူငယ် ချင်းများထံ ပိုက်ဆံချေးပြီးပြန်လည်လာရောက် ဝယ်ယူမည်ဖြစ်ကြောင်း ပြောဆိုကာ ပြန်ထွက်သွားခဲ့သည်။
ထို့နောက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဆိုင်သို့ ၄င်းအမျိုးသား ထပ်မံရောက်လာပြီး ကြည့်ရှုခဲ့သည့် ရွှေဆွဲကြိုးကို ထပ်မံပြသခိုင်းသဖြင့် ပြသခဲ့သည်။
ယင်းနောက် နောက်ထပ် ရွှေဆွဲကြိုးတစ်ကုံးကို ထပ်ပြသခိုင်းပြန်သဖြင့်မှန်ကောင်တာအတွင်းသို့ ခေါင်းငုံ့ရှာပြီး ပြသရန် ကြည့်ရှုစဉ် အဆိုပါအမျိုးသားမရှိဘဲ ၎င်းပါလာသည့်အငှားယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် အပြင် ကောင်တာပေါ်တွင် တင်ထားသည့် ရွှေဆွဲကြိုးမှာလည်း ပျောက်ဆုံးနေသည်ကိုသိရ၍ ဒေါပုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
အဆိုပါလုယူမှုနှင့်ပတ်သက်၍ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ရွှေဆွဲကြိုးယူဆောင်သွားသူ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်နေ ပြည့်ဖြိုးအောင်(၃၃ နှစ်)ကို ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပန်းဘဲတန်းမြို့နယ် အနော်ရထားလမ်းနှင့် လမ်း(၃၀)ထောင့်၌ ယာဉ်နှင့်အတူဖမ်းဆီးခဲ့ပြီး ဆက်လက် စစ်ဆေးလျက်ရှိသည်။

















