ဂျာမနီနိုင်ငံ၌ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများလည်ပတ်မှုကို အမြန်ဆုံးရပ်ဆိုင်းရေးအတွက် မြို့တော် ဘာလင်၌ ဒီဇင်ဘာ ၁ ရက်တွင် လူထောင်ပေါင်းများစွာက ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။
ဘာလင်နှင့် နိုင်ငံအနောက်ပိုင်း ကိုလုန်းမြို့များ၌ ဆန္ဒပြမှုများကို သဘာဝပတ်ဝန်းကျင်အဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများသည် ကျောက်မီးသွေး ရပ် နှင့် ကျောက်မီးသွေးကင်းစင်သော အနာဂတ် ဟုရေးသားထားသည့် အလံများကို ကိုင်ဆောင်ခဲ့ကြသည်။
ရာသီဥတုပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသည့် တောမီးလောင်ကျွမ်းမှုနှင့် မုန်တိုင်းများဖြစ်ပေါ်နေခြင်းကို ပိုမိုထင်ရှားစေလိုသောကြောင့် တချို့သည် မီးလောင်နေသည့် သစ်ပင်ပုံစံနှင့် မုန်တိ်ုင်းတိမ်တိုက်ပုံစံများဝတ်ဆင်ခဲ့ကြသည်။
ဘာလင်၌ ဆန္ဒပြသူ ၅၀ဝ၀ ခန့်နှင့် ကိုလုန်းမြို့တွင် ၁၀ဝ၀ဝ ခန့်ရှိခဲ့ကြောင်း ဂျာမန်ရဲတပ်ဖွဲ့ဝင်များက ခန့်မှန်းပြောဆိုခဲ့သည်ဟု ဂျာမန်သတင်းဌာန ဒီပီအေက ဖော်ပြခဲ့သည်။ လာမည့် ဆယ်စုနှစ်များအတွင်း ဂျာမနီ၌ ကျောက်မီးသွေးစွမ်းအင်သုံးစွဲမှုကို ရပ်ဆိုင်းနိုင်ရေးအတွက် ဂျာမန်အစိုးရအရာရှိများက စီစဉ်နေပြီဖြစ်သည်။
ဂျာမနီအစိုးရသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း ယင်းအစီအစဉ်ထိရောက်ခြင်းမရှိခဲ့ချေ။
ဂျာမနီ၏အိမ်နီးချင်း ပိုလန်၌ ဒီဇင်ဘာ ၂ ရက်တွင် ကုလသမဂ္ဂ၏ကြီးကြပ်မှုဖြင့် ရာသီဥတုဆိုင်ရာညီလာခံကို ကျင်းပခဲ့သည်။
ညီလာခံတက်ရောက်လာသူများသည် ၂၀၁၅ ခုနှစ် ပါရီရာသီဥတုသဘောတူညီမှုအရ အကောင်အထည်ဖော်ခဲ့မှုများ၊ အားနည်းချက်များကို ဆွေးနွေးကြမည်ဖြစ်သည်။

















