အမေရိကန်တရုတ် ကုန်သွယ်ရေးစစ်ပွဲ ရက် ၉၀ အပစ်ရပ်မည်

အမေရိကန်တရုတ် ကုန်သွယ်ရေးစစ်ပွဲ ရက် ၉၀ အပစ်ရပ်မည်

ကုန်သွယ်ရေးစစ်ပွဲအပစ်ဆိုင်းငံ့မည့်သဘောအဖြစ် ဆွေးနွေးညှိနှိုင်းမည့် ရက်ပေါင်း ၉၀ အတွင်း အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား သွင်းကုန်ခွန်အသစ်များ တိုးမြှင့်ကောက်ခံမှု ယာယီရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ သဘောတူညီခဲ့ကြသည်။ 

ယခုနှစ်တွင် အမေရိကန် တရုတ်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့တွင် ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀)စည်းဝေးပွဲအပြီး ဒီဇင်ဘာ ၁ ရက်တွင်  အမေရိကန်သမ္မတထရမ့်နှင့် တရုတ်သမ္မတရှီတို့ ပထမဆုံး တွေ့ဆုံ၍ ယင်းသို့သဘောတူညီခဲ့ခြင်းဖြစ်သည်။
    ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် မည်သည့်ကုန်သွယ်ရေးအခွန်အသစ်မျှ ပြဌာန်းခြင်းမပြုရန် သဘောတူခဲ့ကြောင်း တရုတ်ဘက်က ပြောဆိုသည်။ ဂျီ ၂၀ စည်းဝေးပွဲမတိုင်မီ သမ္မတထရမ့်က တရုတ်သွင်းကုန် ဒေါ်လာ ဘီ်လျံ ၂၀ဝ ဖိုး အပေါ်တွင် ဇန်နဝါရီလမှစ၍ အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည့်အစီအစဉ် ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။
    ယခုအခါ အစီအစဉ်ကို ဆိုင်းငံ့ခဲ့သော်လည်း ဆိုင်းငံ့ကာလကုန်ဆုံးချိန်တွင် သဘောတူညီချက်မရရှိပါက စက်တင်ဘာလတွင် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရာမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောဆိုခဲ့သည်။ 
တရုတ်သည် အမေရိကန်ထံမှ စိုက်ပျိုးရေး၊ စွမ်းအင်၊ စက်မှုနှင့် အခြားကဏ္ဍ ထုတ်ကုန်များ အတော်အတန်များပြားစွာ ဝယ်ယူရန် သဘောတူညီခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။
    အမေရိကန်သည် ဇူလိုင်လမှစတင်၍ တရုတ်သွင်းကုန် ဒေါ်လာဘီလျံ ၂၅၀ ဘိုးအပေါ် အခွန်တိုးကောက်ခဲ့ပြီး တရုတ်ကလည်း အမေရိကန်ထုတ်ကုန် ဘီလျံ ၁၁၀ ဖိုးအပေါ် အခွန်တိုးမြှင့်တုံ့ပြန်ခဲ့သည်။ 
အာဂျင်တီးနားတွင် တရုတ်နှင့်ဆွေးနွေးမှု မအောင်မြင်ပါက နှစ်စဉ်ကုန်သွယ်ရာတွင် အခွန်တိုးကောက်ရန်ကျန်ရှိနေသည့် တရုတ်ကုန်စည် ဒေါ်လာ ၂၆၇ ဘီလျံဖိုးအပေါ် ၁၀ မှ ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံရန် သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့သည်။ 
    ကုန်သွယ်ရေးအငြင်းပွားမှုများနှင့်ပတ်သက်သည့် ဥပဒေပြုရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို)သည် ခေတ်မီ ပြောင်းလဲရန်လိုအပ်နေပြီဖြစ်ကြောင်း ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်က ပြောဆိုခဲ့သည်။
    သမ္မတထရမ့်သည် ယူကရိန်းအရေးကြောင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် တွေ့ဆုံရန်အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြိုတင်ကြေညာထားခဲ့ပြီး ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ဘေးဆွယ်စည်းဝေးပွဲတစ်ခုတွင် ခဏတာမျှ တွေ့ဆုံခဲ့ကြောင်းလည်း ရုရှားဘက်မှ ပြောဆိုခဲ့သည်။