နှစ်ဘက်အငြင်းပွားမှုဖြစ်ပွားပြီးနောက် ရုရှားဘက်မှ စစ်သည် ၈၀ဝ၀ဝ ကျော်၊ တင့်ကား ၉၀ဝ၊ သံချပ်ကာကား ၂၃၀ဝ၊ လေယာဉ် ၅၀ဝ၊ ရဟတ်ယာဉ် ၃၀ဝ နှင့် အမြောက် ၁၄၀ဝ ကို နယ်စပ်တစ်လျှောက် ဖြန့်ချထားကြောင်း ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ယူကရိန်းစစ်စခန်းတစ်ခုတွင် ဒီဇင်ဘာ ၁ ရက်က ပြောဆိုခဲ့သည်။
ခရိုင်းမီးယားအနီး ပင်လယ်နက်ဒေသတွင် နိုဝင်ဘာ ၂၅ ရက်က ယူကရိန်းစစ်ရေယာဉ်သုံးစီးကို ပိုင်နက်ကျူးလွန်သည်ဟု စွပ်စွဲလျက် ရုရှားရေတပ်က တိုက်ခိုက်သိမ်းပိုက်လျက် ရေတပ်သား ၂၄ ဦးကိုလည်း ထိန်းသိမ်းခဲ့သည်။ ယင်းကြောင့်နှစ်နိ်ုင်ငံဆက်ဆံရေး တင်းမာခဲ့ပြီး ရုရှားနှင့်နီးသည့်ဒေသဆယ်ခုတွင် ယူကရိန်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့ကာ ရုရှားဘက်မှစစ်ရေးတည်ဆောက်မှု သတင်း လည်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းစွပ်စွဲသည့် အရေအတွက်အတိုင်း ရုရှားစစ်ရေးတည်ဆောက်မှု ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။
အချင်းဖြစ်ခဲ့သည့် ခက်ချ်ရေလက်ကြားကို ရုရှားကပိတ်ဆို့ထားခဲ့သည်။ အာဂျင်တီးနားတွင် ကျင်းပသည့် ဂျီ ၂၀ ထိပ်သီးစည်းဝေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် တွေ့ဆုံခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က
အဇော့ဗ်ပင်လယ်အတွင်းမှ ယူကရိန်းဆိပ်ကမ်းများကို ပိတ်ဆိ်ု့ခြင်းမပြုရန် ပြောဆိ်ုခဲ့သည်။
စီးပွားရေးနှင့် လူမှုရေးမူဝါဒများကျရှုံးမှုကို ဖုံးကွယ်ရန် ယူကရိန်းအစိုးရသည် ပဋိပက္ခဖြစ်စဉ်ကို မီးထိုးလှုံ့ဆော်နေကြောင်း ပူတင်က တုံ့ပြန်ခဲ့သည်။
မတ်လတွင်ကျင်းပမည့် ယူကရိန်းရွေးကောက်ပွဲအတွက် နိုင်ငံရေးအမြတ်ထုတ်မှုအဖြစ်လည်း ရုရှားက စွပ်စွဲခဲ့သည်။
ရုရှားနှင့်ယူကရိန်းတို့သည် အဇော့ဗ်ပင်လယ်နှင့် ခက်ချ်ရေလက်ကြားကို နှစ်နိုင်ငံမျှဝေသုံးစွဲရန် သဘောတူခဲ့ကြသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် ရုရှားသည် ယင်းရေလမ်းကြောင်းများကို ပိုမိုထိန်းချုပ်လာခဲ့သည်။
ထိ်ု့ပြင် ယူကရိန်းအရှေ့ပိုင်းမှ ခွဲထွက်ရေးသမားများကိုလည်း ရုရှားကထောက်ပံ့နေကြောင်း ယူကရိန်းက စွပ်စွဲထားပြီး ယခုအခါ ပင်လယ်နက်၊ အဇော့ဗ်ပင်လယ်နှင့် အေဂျီအန်ပင်လယ်တို့တွင် ရုရှားဘက်မှ သင်္ဘော ၈၀ ကျော်နှင့် ရေငုပ်သင်္ဘော ရှစ်စီး ဖြန့်ချထားကြောင်းလည်း ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ပြောဆိုခဲ့သည်။

















