ပြီးခဲ့သည့် နှစ်ပေါင်းခုနစ်ဆယ်အတွင်း မက္ကဆီကို၏ ပထမဆုံးလက်ဝဲယိမ်းသမ္မတအဖြစ် အန်ဒရေမန်နျူရယ် လိုပက်ဇ် အိုဘရာဒါက ဒီဇင်ဘာ ၁ ရက်တွင် လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်သည်။
နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုနှင့် မသန့်ရှင်းမှုများကို ဖယ်ရှားကာ ဆင်းရဲသားများ၊ လူ့အဖွဲ့အစည်း အစွန်အဖျားရောက်နေသူများအတွက် ပိုမိုကောင်းမွန်သော နိုင်ငံတစ်ခုတည်ဆောက်သွားမည်ဟု မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်းလည်း ဖြစ်သည့် သမ္မတလိုပက်ဇ် အိုဘရာဒါကပြောသည်။
အမ်လိုဟုလူသိများသည့် မစ္စတာလိုပက်ဇ် အိုဘရာဒါသည် အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ဇူလိုင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သုံးကြိမ်မြောက် သမ္မတရွေးကောက်ပွဲဝင်ကာ အောင်ပွဲခံနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ နိုင်ငံရေးဝါရင့်သောမစ္စတာလိုပက်ဇ် အိုဘရာဒါသည် ခြောက်နှစ်ကြာ သမ္မတသက်တမ်းကိုထမ်းဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် သမ္မတအဖြစ် လူကြိုက်များနှုန်း ၅၆ ရာခိုင်နှုန်းရှိကြောင်း သဘောထားစစ်တမ်းများက ဖော်ပြသည်။ ရာထူးဆင်းသွားရသည့် သမ္မတဟောင်းအဲနရစ် ပီနာနစ်တိုသည် နောက်ဆုံးအချိန်တွင် လူကြိုက်များနှုန်း ၂၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၎င်း၏ လက်ထက်တွင် အကျင့်ပျက်ခြစားမှု၊ လူသတ်မှုများစံချိန်တင်မြင့်တက်ခဲ့ကာ ထောက်ခံသူဦးရေ ကျဆင်းခဲ့သည်။
သမ္မတသစ် လိုပက်ဇ် အိုဘရာဒါ အနေဖြင့် ရာထူးစတင် ထမ်းဆောင်ချိန်တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ ဗဟိုအမေရိက ရွှေ့ပြောင်းများအရေးကို ရှေ့သမ္မတထံမှ အမွေဆက်ခံရရှိထားပြီး ဦးဆုံးကိုင်တွယ်ရမည့် ပြဿနာတစ်ရပ်ဖြစ်နေသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အမေရိကန်ဒုသမ္မတမိုက်ပန့်စ်၊ သမ္မတထရမ့်၏ သမီးအိုင်ဗန်ကာထရမ့်၊ ဗင်နီဇွဲလားသမ္မတနိကိုလက်စ် မာဒူရိုစသည့် နိုင်ငံတကာခေါင်းဆောင်များနှင့် ဆက်စပ်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

















