ဘုန်းကြီးများအကြား လိင်တူချစ်သူများရှိနေသည့်အတွက် စိုးရိမ်မိကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပြော

ဘုန်းကြီးများအကြား လိင်တူချစ်သူများရှိနေသည့်အတွက် စိုးရိမ်မိကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပြော

ကက်သလစ်ဘာသာရှိ ဘုန်းကြီးများအနက် လိင်တူချစ်သူများရှိနေသည့်အတွက် စိုးရိမ်မိပြီး လူ့အဖွဲ့အစည်းတချို့သည် လိင်တူချစ်မှုကို ဖက်ရှင်ကျသော လူနေမှုပုံစံတစ်ခုအဖြစ် မှတ်ယူနေကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောဆိုခဲ့သည်ဟု မကြာမီတွင် ထွက်ရှိတော့မည့် စာအုပ်တွင်ဖော်ပြထားသည်။

သာသနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုအား ပုပ်ရဟန်းမင်းက ဖြေဆိုထားမှုများကို စုပေါင်းထုတ်ဝေသည့် စာအုပ်ပါ အချက်တချို့ကို အီတလီရှိ ကော်ရီရာဒယ်လာ ဆဲရာနေ့စဉ်ထုတ်သတင်းစာ၏ဝက်ဘ်ဆိုက်က ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ ဘာသာရေးဆိုင်ရာအဆောက်အအုံများအတွင်း လိင်တူချစ်မှုသည် အလေးအနက်ထားရမည့် ကိစ္စဖြစ်ကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်။
    ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိင်တူချစ်မှုက ဖက်ရှင်ကျနေသလိုဖြစ်နေတယ်၊ အဲ့ဒီစိတ်နေစိတ်ထားက ဘုရားကျောင်းအပေါ်လည်း သက်ရောက်မှုရှိနေတယ် ဟု ဖရန်စစ်က ၎င်းကိုတွေ့ဆုံမေးမြန်းခဲ့သူ စပိန်မွေး သာသနာပြု ဖာနန်ဒို ပရာဒိုအား ပြောဆိုခဲ့သည်။
    စာအုပ်သည် ဗာတီကန်ကျောင်းတော်၌ သြဂုတ်တွင် လေးနာရီကြာ တွေ့ဆုံစကားပြောဆိုမှုအပေါ် အခြေခံထားခြင်းဖြစ်ပြီး လာမည့်အပတ်တွင် ဘာသာစကား ၁၀ မျိုးဖြင့် ထုတ်ဝေမည်ဖြစ်သည်။ 
စာအုပ်အမည်မှာ သာသနာ့ဝန်ထမ်းဘဝ၏အားသာချက် ဖြစ်သည်။
    သာသနာ့ဝန်ထမ်းဖြစ်လိုသည့် အမျိုးသားများအား ရွေးချယ်ရာတွင် ဂရုစိုက်ရန်လိုအပ်ကြောင်း ဖရန်စစ်က ပြောဆိုခဲ့သည်။ 
ဘုန်းကြီးဖြစ်သင်တန်းပေးရာတွင် လူသားနှင့် စိတ်နေစိတ်ထားရင့်ကျက်မှုတို့ကို အလေးထားရန်လိုအပ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
    လိင်တူချစ်မှုဆိုသည်မှာ ချစ်ခင်ကြောင်းကိုပြသမှုတစ်ခုဖြစ်သောကြောင့် ကက်သလစ်ဘာသာတွင်း လိင်တူချစ်သည့် ဘုန်းကြီးများရှိနေခြင်းသည် စိုးရိမ်စရာမရှိကြောင်း ဘုန်းကြီးတစ်ပါးက ၎င်းကိုပြောဆိုခဲ့ဖူးကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်ဟု အီတလီသတင်းဌာနက အန်ဆာက ကိုးကားဖော်ပြခဲ့သည်။
    သို့သော် အဆိုပါဘုန်းကြီး၏ဆင်ခြင်မှုမှားယွင်းကြောင်း၊ အိမ်ရာတည်ထောင်ဘဝကိုစွန့်လွှတ်ပြီးသည့် အနေအထားတွင် ယင်းကဲ့သို့ ချစ်ခြင်းအတွက် နေရာမရှိကြောင်း ဖရန်စစ်က တုံ့ပြန်ပြောဆိုခဲ့သည်။ 
နူရိုးစစ်ခေါ် စွဲလမ်းလွန်ရောဂါရှိနေသူများ၊ စိတ်စံလွဲနေသူများကို သာသနာ့ဘောင်သို့ မသွတ်သွင်းသင့်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။