100PLUS က ဦးစီးကျင်းပသည့် ဒုတိယအကြိမ်မြောက် Yangon 100PLUS Active Run မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၂ရက် နံနက်၅နာရီမှ ၉နာရီခွဲအထိ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ဦးရေ ၅,ဝ၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စံချိန်ချိုး
အဆိုပါပြိုင်ပွဲကို ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲ နှင့် ၃ဒသမ ၅ ကီလိုမီတာ အပျော်တမ်း အပြေးနှင့် လမ်းလျှောက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးဖြင့် ကျင်းပခဲ့ပြီး ၁၀ကီလို မီတာ စိန်ခေါ်ပြိုင်ပွဲကို နံနက် ၅ နာရီခွဲတွင် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံရှေ့မှ စတင် တာထွက်ခဲ့သည်။
ပြိုင်ပွဲ၏ အမျိုးသားပြိုင်ပွဲတွင် စန်းနိုင်က ၃၂ မိနစ် ၃၁ စက္ကန့်ဖြင့် ပထမနေရာကို ရရှိခဲ့ပြီး ယခင်နှစ်စံချိန်ဖြစ်သည့် ၃၃ မိနစ် ၁၁ စက္ကန့် စံချိန်ကို ချိုးနိုင်ခဲ့သည်။ ထို့နောက် ဝင်းနိုင်ထွန်းက ၃၂ မိနစ် ၄၄ စက္ကန့်ဖြင့် ဒုတိယနေရာ ရရှိခဲ့ပြီး သောင်းအေးက ၃၃ မိနစ် ၄၀ စက္ကန့်ဖြင့် တတိယနေရာ ရရှိခဲ့သည်။
ချီးမြှင့်
အမျိုးသမီးပြိုင်ပွဲတွင် ဖြူဝါသန့်က ၃၈ မိနစ် ဝ၄ စက္ကန့်ဖြင့် ပထမရရှိခဲ့ပြီး နှင်းယုစိုးက ၃၉ မိနစ် ၂၇ စက္ကန့်ဖြင့် ဒုတိယရရှိကာ မြင့်မြင့်အေးက ၃၉ မိနစ် ၂၈ စက္ကန့်ဖြင့် တတိယရရှိခဲ့သည်။
ပြိုင်ပွဲကျင်းပရေးမှ ပထမဆုရရှိကြသူနှစ်ဦးအား ဂုဏ်ပြုဆုတံဆိပ်၊ လည်ဆွဲပြားနှင့် ကျပ်၁၀ သိန်းစီချီးမြှင့်ခဲ့ပြီး 100PLUS တစ်နှစ် အခမဲ့သောက်သုံးခွင့် ပေးအပ်ခဲ့သည်။ဒုတိယဆုရရှိသူနှစ်ဦးအား ဂုဏ်ပြုဆုတံဆိပ်၊ လည်ဆွဲပြားနှင့် ကျပ် ၈သိန်းစီချီးမြှင့်ခဲ့ပြီး 100PLUS ၆ လ အခမဲ့သောက်သုံးခွင့်ပေးအပ်ခဲ့သည်။ တတိယဆုရရှိသူနှစ်ဦးအား ဂုဏ်ပြုဆုတံဆိပ်၊ လည်ဆွဲပြားနှင့် ကျပ်၅သိန်းစီချီးမြှင့်ခဲ့ပြီး 100PLUS ၃ လ အခမဲ့သောက်သုံးခွင့်ပေးခဲ့သည်။
၃.၅ ကီလိုမီတာ အပျော်တမ်း အပြေးနှင့် လမ်းလျှောက်ပြိုင်ပွဲကို နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး မိသားစုနှင့် ကလေးငယ်များ အပါအဝင် အရွယ်စုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၀ ကီလိုမီတာနှင့် ၃.၅ ကီလိုမီတာ ပြိုင်ပွဲအမျိုးအစားနှစ်မျိုးတွင် အောင်မြင်စွာပန်းဝင်သူတိုင်းကို ဂုဏ်ပြုဆုတံဆိပ်တစ်ခုစီ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။















