မကွေးအသင်းတွင် ရေရှည်သုံး၍ရသည့် ကစားသမားများကိုသာ စာချုပ်သက်တမ်းတိုးမည်ဖြစ်ပြီး ယခုနှစ်ရာသီကုန်၌ အသင်းနှင့်လမ်းခွဲခဲ့သည့် ကစားသမားများနေရာ၌ လူငယ်များကို ဦးစားပေးအသုံးပြုသွား မည်ဖြစ်ကြောင်း အသင်းစီအီးအို ဦးစိုးမင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆန္ဒရှိ
၂၀၁၉ဘောလုံးရာသီအတွက် ပြင်ဆင်လျက်ရှိသော မကွေးအသင်းသည် မကြာသေးမီက အသင်း၏ကစားသမားများဖြစ်သည့် ဂိုးသမားကျော်ဇင်ဖြိုး၊ နောက်ခံလူများဖြစ်သည့် နန္ဒကျော်၊ ကျော်ဇင်လွင်၊ကွင်းလယ်လူများဖြစ်သည့် ဆက်ဖြိုးဝေ၊ ချိုထွန်း၊ စွမ်းထက်အောင်နှင့် တိုက်စစ်မှူး မောင်မောင်စိုးတို့ကို လမ်းခွဲခဲ့သည်။
" ကစားသမားရဲ့စွမ်းဆောင်ရည်က အသင်းမှာရေရှည်သုံးနိုင်မလား ကြည့်တယ်။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်မရှိတော့ဘူးဆိုရင်တော့ စာမချုပ်တော့ဘူး။ ရေရှည်မှာ သုံးလို့ရမယ့်သူပဲ အသင်းအတွက်ထားတော့မှာပါ။ စိတ်ပိုင်း၊ရုပ်ပိုင်းတွေအပါအဝင် နည်းစနစ်ပိုင်းမှာပါ တိုင်းပြည်အတွက်လည်းကောင်းမယ်၊ အသင်းအတွက်လည်း ရေရှည်သုံးလို့ရမယ့်သူကိုပဲ စဉ်းစားတော့မယ်။ ပိုင်ရှင်ကလည်း ဒီလိုလုပ်စေချင်တဲ့ဆန္ဒရှိတယ်" ဟု ဦးစိုးမင်းက ပြောဆိုခဲ့သည်။
ပြောင်းရွှေ့ခဲ့
မကွေးအသင်းနှင့် လမ်းခွဲခဲ့သော ကစားသမားများအနက် ကျော်ဇင်လွင်မှာ ဧရာဝတီယူနိုက်တက်သို့ပြောင်းရွှေ့ခဲ့ပြီး ကျော်ဇင်ဖြိုးမှာလည်း အဆိုပါကလပ်သို့ရောက်ရန် နီးစပ်လျက်ရှိသည်။ချိုထွန်းနှင့် စွမ်းထက်အောင်မှာ ဆောက်သမ်းမြန်မာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နန္ဒကျော်နှင့် ဆက်ဖြိုးဝေတို့မှာ ရှမ်းယူနိုက်တက်သို့ ရောက်ရှိရန် နီးစပ်နေသည့်အပြင် မောင်မောင်စိုးမှာ ရတနာပုံအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ခေါ်ယူအားဖြည့်
မကွေးအသင်းသည် လမ်းခွဲခဲ့သည့် ကစားသမားများနေရာ၌ ယူ-၂၁လူငယ်အသင်းမှ ကစားသမားများနှင့် အစားထိုးမည်ဖြစ်သလို အခြားကလပ်များမှ ခြေစွမ်းထက်လူငယ်ကစားသမားများကို ခေါ်ယူအားဖြည့်မည်ဖြစ်သည်။
" ကျွန်တော်တို့အသင်းက အနာဂတ်ကိုကြည့်ပြီးခေါ်တာပါ။ ကုန်ကျစရိတ်များမယ့် ကစားသမားကိုတော့ သိပ်မလိုဘူး။ အခုထွက်သွားတဲ့နေရာမှာ ပဏာမ ယူ-၂၁က ကစားသမားနှစ်ယောက်ကို ခေါ်ထားတယ်။ ကျန်တဲ့သူတွေက စာချုပ်မပြီးသေးတော့ ပြောလို့မရဘူး" ဟု ဦးစိုးမင်းက ပြောဆိုသည်။
မကွေးအသင်းသည် ပြီးခဲ့သည့်ရာသီက အမှတ်ပေးဇယား အဆင့် ၇နေရာတွင် ရပ်တည်ခဲ့ပြီး ယခုနှစ်ရာသီတွင်လည်း ပြည်တွင်းကစားသမားများဖြင့်သာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။















