ဆိုက်ကားဂိတ်တွင်ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်သူများကို ဖမ်းမိ

ဆိုက်ကားဂိတ်တွင်ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်သူများကို ဖမ်းမိ

လှိုင်သာယာမြို့နယ်အတွင်းရှိ ဆိုက်ကားဂိတ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူများကို သက်ဆိုင်ရာက ဖမ်းဆီးဖော်ထုတ်ခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ည ၉ နာရီ မိနစ်၄၀ ခန့်တွင် လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာကျောင်း လမ်းနေ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့သွားရောက်တိုင်ကြားခဲ့သည်။
ထိုသို့တိုင်ကြားရာတွင် ၄င်း၏ခင်ပွန်းကိုမျိုးမင်းထွန်း ဓားထိုးခံရကြောင်းပြောပြသိရှိသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။ 
နတ်မောက်လမ်း ဆိုက္ကားဂိတ်တွင် ၎င်းခင်ပွန်းဖြစ်သူ ကိုမျိုးမင်းထွန်း၏ ယာဆီးခုံ၊ ယာပေါင် တွင်ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ဦးတင်လတ်ဆိုသူ၏ ဝဲရင်ဘတ်၊ယာနံစောင်း ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ မေးစေ့ပြတ်ရှတ်ဒဏ်ရာတို့ ရရှိပြီး အသီးသီးလဲကျသေဆုံးနေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်ကိုမေးမြန်းခဲ့သည်ဟုဆိုသည်။
ပတ်ဝန်းကျင်၏ပြောပြချက်အရ လူလေးဦးက ဓားဖြင့် ထိုးသွားကြောင်း သိရှိရသောကြောင့် အရေးယူပေး ရန်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 
သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များ၏ စုံစမ်းချက်များအရ မျိုးမင်းထွန်းနှင့် ယခင်က ရန်စရှိခဲ့ သော ဝေယံနောင်(ခ)ကတုံး၊မောင်မောင်ကျော်(ခ)ကျော်ကြီး၊ ထွန်းထွန်းအောင်(ခ)ထွန်းအောင်နှင့်အမည် မသိလူငယ်တစ်ဦးတို့က မျိုးမင်းထွန်းထံလာရောက်စဉ် ခိုက်ရန်ဖြစ်ပွားရာ အနီးတွင်ရှိနေသော ဦးတင်လတ်က ဝင်ရောက်ဖြန်ဖြေစဉ် မျိုးမင်းထွန်းနှင့် ဦးတင်လတ်ကို ဓားဖြင့်ထိုးသွားကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ သက်ဆိုင်ရာ၏ ဆက်လက်စုံစမ်းချက်များအရ ထွန်းထွန်းအောင်(ခ) ထွန်းအောင်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရ၍ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် လုံးကောက်ကျေးရွာအုပ်စု၊ သံပုရာရွာတွင် ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိသူ ထွန်းထွန်း(ခ)ထွန်းအောင်ကို စစ်ဆေးချက်များအရ အခင်းဖြစ်စဉ်က ဝေရန်နောင်(ခ) ကတုံး၊မောင်မောင်ကျော်(ခ)ကျော်ကြီးတို့နှင့်အတူ ကျူးလွန်ခဲ့ပြီး ၎င်းနှင့်အတူ နေလွင်ထွဋ်(ခ) အညားသားပါပါရှိကြောင်း သိရသဖြင့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့ နယ်၊ ကုလားကြီး စုကျေးရွာ၊ စိန်သရဖူလမ်းတွင် နေလွင်ထွဋ်(ခ)အညားသားအား ဖမ်းဆီးရမိခဲ့သည်။ 
ပြစ်မှုကျူးလွန်သူ ထွန်းထွန်းအောင်(ခ)ထွန်းအောင်ထံမှ အခင်းဖြစ်စဉ် ၎င်းအသုံးပြုခဲ့သော သက်သေခံဓားအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ထွက်ပြေးတရားခံများကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိသောပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူထားသည်။