စပိန် ဒေသဆိုင်ရာရွေးကောက်ပွဲတစ်ခုတွင် လက်ယာစွန်း ဗော့က်စ်ပါတီသည် အမတ်နေရာအချို့ အနိုင်ရရှိခဲ့ရာ ယင်းသည် စစ်အာဏာရှင်ခေတ်အဆုံးသတ်သည့် ၁၉၇၅ ခုနှစ်နောက်ပိုင်း စပိန်၌ လွှတ်တော်တွင် လက်ယာစွန်းတို့ ခြေကုပ်ရရှိသွားခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂ ရက် အန်ဒါလူရှားဒေသရွေးကောက်ပွဲတွင် ဗော့က်စ်ပါတီသည် ငါးနေရာရရှိရန် မျှော်မှန်းခဲ့သော်လည်း အမတ် ၁၂ နေရာအထိ ရွေးချယ်ခံခဲ့ရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ကာတာလန်ခွဲထွက်ရေးပြဿနာကြောင့် အန်ဒါလူရှား ဒေသတွင် ဗော့က်စ်ပါတီသည် ပိုမိုအရေးပါလာဖွယ်ရှိသည်။ အာဏာရဆိုရှယ်လစ်ပါတီသည် အခြားပါတီများထက် အမတ် ၃၃ နေရာ ပိုမိုရရှိထားသော်လည်း အများစုရရှိထားမှု လျော့ကျလျက်ရှိသည်။ ယင်းကြောင့် လက်ဝဲစွန်း ပိုဒီမိုစ်နှင့်ပူးပေါင်းပြီး ဗဟိုနှင့် လက်ယာစွန်းတို့ကို လွှတ်တော်တွင်လွှမ်းမိုးနိုင်ရေး ကြိုးပမ်းဖွယ်ရှိသည်။
ဖက်ဆစ်အာဏာရှင်အောက်တွင်နေခဲ့ရသည့်စပိန်၏နိုင်ငံရေးတွင် လက်ယာစွန်းတို့ ခြေကုပ်ရသွားခြင်းသည် ဥရောပတစ်ဝန်း အမျိုးသားရေးဝါဒမြင့်တက်မှု နောက်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။
ဗော့က်စ်ပါတီ၏အောင်မြင်မှုကို ပြင်သစ် လက်ယာစွန်းခေါင်းဆောင် မာရီလီပင်းက ဝမ်းသာအားရကြိုဆိုခဲ့သည်။
အန်ဒါလူရှားဒေသသည် စပိန်တွင် လူဦးရေအထူထပ်ဆုံးဖြစ်ပြီး အလုပ်လက်မဲ့မြင့်မားမှုနှင့် မြေထဲပင်လယ်ကို ဖြတ်သန်းလာသည့် ရွှေ့ပြောင်းခရီးသွားတို့ စပိန်သို့ဝင်ရောက်ရာ အဓိကဆိပ်ကမ်းဖြစ်နေမှုတို့နှင့် ရင်ဆိုင်နေရသည်။ ယင်းဒေသရွေးကောက်ပွဲရလဒ်သည် စပိန်ဝန်ကြီးချုပ်သစ် ပီဒရိုဆန်းချေ့ဇ်ကိုလည်း ရိုက်ခတ်ဖွယ်ရှိသည်။
ဗော့က်စ်ပါတီကို ၂၀၁၄ ခုနှစ်ကမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင် ဆန်တီယာဂို အဘာစ်ကာလ်၏ ဦးဆောင်မှု အောက်တွင် လက်ယာစွန်းနှင့် အများကြိုက်ဝါဒီများ၊ လူဝင်မှုဆန့်ကျင်သူများ၊ အစ္စလာမ်ဆန့်ကျင်ရေးသမားများ စုစည်းနေကြသည်။
အဘာစ်ကာလ်နှင့် ခေါင်းဆောင်များကမူ လက်ယာစွန်းဟုတံဆိပ်ကပ်မှုကို ငြင်းပယ်ကြပြီး အစွန်းရောက်ဝါဒအစား မရှိမဖြစ်လိုအပ်ချက်ကို ပြင်းပြင်းထန်ထန်ဖြည့်ဆည်းလိုမှုအဖြစ် ၄င်းတို့ပါတီကို ပုံဖော်ကြသည်။
မည်သို့ဖြစ်စေ ကြီးမြတ်သောစပိန်တဖန်ပြန်ဖြစ်ရေး ကြွေးကြော်ထားသည့် ဗော့က်စ်ပါတီသည် အာဏာရှင် ဖရန်ဆီစကို ဖရန်ကို၏ အမျိုးသားရေးဝါဒကို တဖန်ပြန်လည်ဆန်းသစ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။

















