ကမ္ဘာကြီးရာသီဥတုပြောင်းလဲမှုအရေး လမ်းဆုံလမ်းခွရောက်နေပြီဟု ကုလသမဂ္ဂ ရာသီဥတုအရေးအကြီးအကဲဟောင်းလေးဦး သတိပေး

ကမ္ဘာကြီးရာသီဥတုပြောင်းလဲမှုအရေး လမ်းဆုံလမ်းခွရောက်နေပြီဟု ကုလသမဂ္ဂ ရာသီဥတုအရေးအကြီးအကဲဟောင်းလေးဦး သတိပေး

ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုအရေးတွင် အဆုံးအဖြတ်ပေးမည့် လမ်းဆုံလမ်းခွ အနေအထားကို ရောက်နေပြီဖြစ်ကြောင်း၊ မှန်ကန်သောလမ်းကို ဆုံးဖြတ်ရွေးချယ်ရန် အထူးအရေးကြီးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ရာသီဥတုအရေး အကြီးအကဲဟောင်းလေးဦးက ပိုလန်တွင် ပူးပေါင်းကျင်းပသည့် နိုင်ငံတကာရာသီဥတုအရေးဆွေးနွေးပွဲ၌ သတိပေးပြောကြားလိုက်သည်။ 

ပိုလန်နိုင်ငံ ကာတိုဝိုက်မြို့တွင် ကျင်းပသည့် စီအိုပီရာသီဥတုအရေးဆွေးနွေးပွဲသည် ၂၀၁၅ ပါရီရာသီဥတု ဆွေးနွေးပွဲ နောက်ပိုင်း အကြီးမားဆုံးနှင့် သြဇာအကြီးဆုံးလည်းဖြစ်သည်။ 
ဖီဂျီမှ ဖရန့် ဘိုင်နီမာရာမာ၊ မိုရိုကိုမှ ဆာလာဟယ်ဒင် မီဇိုရာ၊ ပြင်သစ်မှ လောရန့် ဖေးဘီးယက်စ်၊ ပီရူးမှ မန်နျူရယ် ပူလ်ဂါ ဗီဒဲလ်တို့က ပူးတွဲသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
    ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုအရေး နိုင်ငံတကာပူးပေါင်းအဖွဲ့အစည်း (အိုင်ပီစီစီ) ၏ ကမ္ဘာ့ပျမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် မကျော်စေရေးဆိုင်ရာ အစီရင်ခံစာသည်လည်း အောက်တိုဘာလက ထွက်ရှိခဲ့ပြီးဖြစ်သည်။

ပါရီသဘောတူစာချုပ်တွင် နိုင်ငံတကာသဘောတူထားသောပန်းတိုင်များ ပေါက်မြောက်ရေးအတွက် ကာဗွန် ထုတ်လွှတ်မှုကို သိသိသာသာ မြန်မြန်ဆန်ဆန် လျှော့ချရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများကလည်း သတိပေးထားသည်။
လာမည့် နှစ်နှစ်အတွင်းဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ် အကောင်အထည်ဖော်ရန် အထူးလိုအပ်နေပြီဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပျမ်းမျှ အပူချိန် ၁ ဒသမ ၅ ထက် မကျော်စေရန် ကမ္ဘာ့နိုင်ငံများသည် ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်နေမှုကို ၄၅ ရာခိုင်နှုန်းထိ လျှော့ချရမည်ဖြစ်ကြောင်း အိုင်ပီစီစီအစီရင်ခံစာက ပြောကြားသည်။ 
တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်ကလည်း ရာသီဥတုပြောင်းလဲမှုအရေး ကိုင်တွယ်ဆောင်ရွက်မည့် နိုင်ငံများကို လာမည့်ငါးနှစ်အတွင်း ရန်ပုံငွေထောက်ပံ့ရန် ဒေါ်လာဘီလျံ ၂၀ဝ ထိ သတ်မှတ်ထားပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။